November 14, 2024

ဖြိုးဝေ
၁၃. ၁၁. ၂၀၂၄

PDF ထိန်းချုပ်နယ်မြေမှာ ရက်စက်စွာ လည်လှီးသတ်ဖြတ်ခံရတဲ့ CDM ကျောင်းဆရာဖြစ်သလို NUG ရဲ့ ကနီမြို့နယ်ပညာရေးတာဝန်ခံလည်းဖြစ်တဲ့ ကျောင်းဆရာ ဦးဝင်းဌေး မိသားစုအရေး အမှုမှန်ဖော်ထုတ်ပေးဖို့ အိတ်ဖွင့်ပေးစာကို NUCC ထံ ပေးပို့မှုတွေ ဒီတစ်ပတ်မှာရှိခဲ့ပါတယ်။ ဒီဖြစ်စဥ်မှာ သေဆုံးသူ CDM ကျောင်းဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲဝေနဲ့ သုံးလသမီးငယ် မရွှေဝတ်ရည်လွှာတို့ PDF ထိန်းချုပ်နယ်မြေမှာ သတ်ဖြတ်ခံရတာက ဦးဝင်းဌေးဟာ ကနီနယ်က NUG ရဲ့ ပသုံးလုံးတွေဖြစ်တဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေရဲ့ သစ်မှောင်ခိုမှုတွေ လောင်းကစားမှုတွေကို NUG ဆီ တိုင်စာပို့တာကြောင့် မိသားစုလိုက် လည်လှီးအသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ တော်လှန်ရေးအင်အားစုတွေ ဆန္ဒထွက်ပြပေမဲ့ တရားခံကတော့ NUG ရဲ့ ပသုံးလုံးတွေ ကျုးလွန်ချိန်တိုင်း ဖော်ထုတ်မရတဲ့ ထုံးစံအတိုင်းပဲ ဖော်ထုတ်မရတော့မဲ့ အခြေအနေပါ။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၉၃၀ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၂၆ ဦး သေဆုံးခဲ့ရတဲ့အပြင် ကျန်းမာရေးအဆောက်အဦအနည်းဆုံး ၃၂၇ ခုလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ Insecurity Insight က ဖော်ပြလာတာ၊ နတ်မြစ်အတွင်း ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးကို ရခိုင်လက်နက်ကိုင် AA ပြန်ပေးဆွဲတာ၊ ကျိုက်ထီးရိုးဘုရားပွဲတော်ကျင်းပနေပြီး ပြည်သူတွေ ဘုရားဖူးခရီးသွားလာနေချိန်မှာ ဘုရားဖူးပြည်သူမလာရဲအောင် PDF တွေက ကျိုက်ထီးရိုးပုံစံတူစေတီတော်တက်ဖူးပြီး PDF တွေ ကျိုက်ထီးရိုးဘုရားပေါ် ရောက်ရှိနေတယ်ဆိုတဲ့ ဝါဒဖြန့်မှုအသွင်နဲ့ ခြိမ်းခြောက်လာတာ စတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ AA နဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က လူ ၂ သန်းခန့်ဟာ အငတ်ဘေး ရင်ဆိုင်ရဖွယ်ရှိနေတာ၊ တစ်လ ဒေါ်လာ ၈ သိန်းလောက် အလှူငွေရနေတဲ့ PRF တွေရဲ့ အလှူငွေကို NUG က ကိုယ်ကျိုးရှာနေတယ်လို့ ဝေဖန်ခံရတာနဲ့ အမေရိကန်အစိုးရသစ် တက်လာအပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီ အခြေချချင်တဲ့ မြန်မာဒုက္ခသည်တွေရဲ့ အိပ်မက် ပျက်ပြားဖွယ်ရှိတာ စတဲ့ အကြောင်းအရာတွေကို သုံးသပ်တင်ပြချင်ပါတယ်။

◾ AA နဲ့ တိုက်ပွဲတွေကြောင့် ငတ်မွတ်ကြရဦးမယ့် ရခိုင်ပြည်နယ်က လူ ၂ သန်း

နယ်မြေလုယက် အပိုင်စီးချင်နေတဲ့ AA ကြောင့် တိုက်ပွဲတွေ အရှိန်မြင့်ဖြစ်ပွားလာတာနဲ့ ကုန်သွယ်ရေးပိတ်ဆို့ခံရတာကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၂ သန်းခန့် အငတ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ကုလသမဂ္ဂဖွံဖြိုးတိုးတက်ရေးအစီအစဉ် UNDP က သတိပေးပြောဆိုလိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအရှိန်မြင့်တက်လာတာနဲ့အမျှ ကုန်သွယ်ရေးလမ်းတွေ ပိတ်ဆို့ခံရတဲ့အပြင် ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးပြီး ဝင်ငွေလျော့နည်းတာ၊ ဆန်စပါးစိုက်ပျိုးမှု အထွက်နှုန်းနည်းတာ၊ ငွေကြေးဖောင်း ပွမှုမြင့်တက်တာကြောင့် ရခိုင်ပြည်နယ်မှာနေထိုင်နေသူအများအပြား အစားအစာ လိုအပ်ချက်မြင့်တက်လာတာကြောင့် တိရစ္ဆာန်စာ ဖွဲနုတွေပါ စားနေရတဲ့အခြေအနေလို့လည်း UNDP က ပြောလာပါတယ်။

ရခိုင်ပြည်နယ်မှာ AA ထိုးစစ်စတဲ့ ၂၀၂၃ ခုနှစ်ကစတိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်က အိမ်ထောင်စုအားလုံးရဲ့ တစ်ဝက်ကျော်ဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၄ သန်းကျော်က လစဉ်ဝင်ငွေရရှိမှုလျော့နည်းခဲ့သလို ရလာတဲ့ ဒီဝင်ငွေက ဆန်ဝယ်ယူရေးအတွက်ပဲ အဓိက အသုံးပြုခဲ့ရတာကြောင့် အခြား အခြေခံစားသောက်ကုန်၊ အိမ်ငှားခ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်အသုံးပြုနိုင်မှု မရှိတော့ဘူးလို့လည်း UNDP က ​ပြောပါတယ်။

ဒါပေမဲ့လည်း ဒီလို လူ ၂ သန်းလောက် ငတ်မှာက လာမယ့် ၂၀၂၅ ခုနှစ် နှစ်ဆန်းထဲမှဖြစ်သလို AA ၊ ARSA နဲ့ အခြား ခွဲထွက်ရေးလက်နက်ကိုင်တွေ အမှန်တကယ် ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ်ရဖို့ထက် မြို့တွေဦးပြီး နိုင်ငံရေးအရ ညှိယူ အမြတ်ထုတ်ဖို့ လုပ်ဆောင်နေတဲ့ ဒီပုံစံမှာ UNDP က ကိုယ်ကျိုးရှာလက်နက်ကိုင်တွေထက် တပ်ကိုပဲ တစ်ဖက်သတ် အပြစ်ပုံချ စွပ်စွဲပြောနေတာလည်း မြင်ရပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် မငတ်ဖို့အတွက်လည်း မှောင်ခိုလမ်းကြောင်းပေါင်းစုံက အမြင့်စျေးနဲ့ စားကုန်တွေ သွင်းနေကြတာလည်း မြင်ရပြန်ပါသေးတယ်။ တကယ်တော့ ရခိုင်ဟာ မြန်မာပြည်မှာ ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်ပေမဲ့ ၂၀၁၁ နဲ့ ၂၀၂၀ ကာလတွေမှာ တိုးတက်မှုအလားအလာများစွာ မြင်ခဲ့ရ​သေးတာပါ။ ဒါ့အပြင်လည်း လက်ရှိကာလလို မဖြစ်သင့်တဲ့ အငတ်ဘေး အခြေအနေဆိုးဆီ ဝိုင်းဝန်းတွန်းပို့ကြတဲ့ ဒီအခြေအနေနဲ့ပတ်သက်လို့ ဆင့်ကဲတွေးစရာအဖြစ်လည်း ရခိုင်နဲ့ တိုင်းရင်းသားပြည်နယ်တွေလိုချင်တဲ့ ကိုယ့်ပြည်နယ်မှာ အနိုင်ရတဲ့ပါတီက ခေါင်းဆောင်ခွင့်ရရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်နဲ့တိုင်းလွှတ်တော်က ခန့်အပ်ခွင့်ရမယ့် ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ဟာ အဲဒီအချိန်က အာဏာရ NLD ပါတီနဲ့ NLD အစိုးရဟောင်းကြောင့် ပျက်ပြားခဲ့ရပေမဲ့ တပ်မတော်က ဒီပုဒ်မပြင်ဖို့ သဘောတူထားတာကြောင့် အချိန်တစ်ခုစောင့်ပြီး အခုလို လက်နက်ကိုင်တိုက်ခိုက်ဖို့လမ်းစဥ် AA မရွေးရင် ရခိုင်ပြည်သူတွေလည်း မငတ်သလို ခရီးသွားအဓိကဝင်ရာ ငပလီလည်း ပျက်စီးကိန်းမစိုက်ပါဘူး။ အခုဆို မြန်မာနိုင်ငံမှာကြည့်လိုက်ရင်လည်း ပြည်သူတွေ ငတ်ပြတ်သေကြေနေတဲ့နေရာတွေဟာ ခွဲထွက်ဖို့ဆိုတာထက် နယ်မြေလုယက်ထားပြီး တပ်နဲ့ ညှိနှိုင်း အုပ်စိုးချင်ယုံ လက်နက်ကိုင်တွေ အတ္တကြောင့်ဆိုတာ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီတို့လို ငြိမ်သက်တဲ့နေရာတွေနဲ့ တိုက်ပွဲနည်းရာ မန္တလေး၊ မွန်၊ တနင်္သာရီ လိုနေရာတွေက အေးချမ်းနေတဲ့ပြည်သူတွေက လက်နက်ကိုင်တွေကြောင့် အငတ်ဘေးစိုက်နေတဲ့ ပြည်သူတွေကို သက်သေပြနေတယ်လို့ပဲ ပြောရမှာပါ။

◾ NUG မေးခွန်းထုတ်ခံရတဲ့ PRF အလှုငွေ

အဂတိလိုက်စားမှုတွေ စာရင်းမရှင်းလင်းနိုင်မှုတွေကြောင့် နာမည်ပျက်နေရတဲ့ NUG ဟာ ထောက်ပို့တပ်သားလို့ သူတို့သုံးနှုန်းတဲ့ PRF တွေဆီကနေ လစဉ် ဒေါ်လာ ၈ သိန်းခန့်ရနေပြီး ဒီထောက်ပံ့ငွေကနေ PDF တပ်ရင်းတွေဆီ တစ်ကြိမ်ထောက်ပံ့ရင် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့နေရတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ နေဘုန်းလတ်က ထုတ်ဖော်ပြောလိုက်ပေမဲ့လည်း ဒီ ထောက်ပံ့မှုတွေမှာ ဒေါ်လာသိန်းချီ (ကျပ်ငွေ သိန်းသောင်းချီ) ကွာဟနေတာ NUG ခိုးတာဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

NUG ဟာ PDF တပ်ရင်း ဘယ်နှစ်ခုရှိတယ်ဆိုတာ ထုတ်မပြောပေမဲ့ လက်ရှိကာလမှာ ၃၀၀ နဲ့ ၃၅၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး ဒီတပ်ရင်းတွေကိုလည်း တစ်ကြိမ်ထောက်ပံ့ရင် ကျပ်သိန်း ၈၀ ဝန်းကျင်သာရှိတယ်လို့ နားလည်ထားကြသလို ပြည်တွင်းဒေါ်လာစျေးက ၄၅၃၀ ခန့်သာရှိပြီး NUG Pay က ငွေစျေးမှာတော့ ကျပ် ၄၆၅၀ ဖြစ်နေတာကြောင့် နေဘုန်းလတ်ရဲ့ သတင်းတွေအောက်မှာ PRF တွေဆီက တစ်လရတဲ့ ဒေါ်လာ ၈ သိန်းကို ကျပ် ၄၅၀၀ နဲ့ စားရင် တပ်ရင်းတစ်ရင်း ၁၇၇၇ ဒေါ်လာရမှာဖြစ်ပြီး ဒီဒေါ်လာ ၁၈၀၀ ခန့်​ကို တပ်ရင်း ၃၅၀ နဲ့ မြှောက်ရင်တောင်မှ ဒေါ်လာ ၆ သိန်း ၃ သောင်းသာရှိသလို PRF က အောက်တိုဘာအတွက် ဒေါ်လာ ၇၃၈၄၂၇ ရလို့ ဒေါ်လာ ၁ သိန်းကျော်ပိုနေချိန်မှာ ဘာကြောင့် မလောက်တာလဲလို့ PRF တွေလှူဖို့ စည်းရုံးပေးသူ Thandar Tabiando အကောင့်ပိုင်ရှင်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် PDF ထောက်ခံသတင်းတွေ အဆက်မပြတ်တင်ထားသူ Aung Soe Myint အကောင့်ပိုင်ရှင်ကလည်း ဒေါ်လာ ၁ သန်းကို ပြည်တွင်းပေါက်စျေးထက်နိမ့်တဲ့ တစ်ဒေါ်လာ ကျပ် ၄၀၀၀ နဲ့ မြှောက်ရင် သိန်း လေးသောင်းရပြီး ဒီ သိန်း ၄၀၀၀၀ ကို တပ်ရင်း ၃၅၀ ထံ တစ်ရင်း သိန်း ၈၀ ပို့ရင် သိန်း ၂၈၀၀၀ ပဲ ကုန်မှာဖြစ်လို့ သိန်း ၁၂၀၀၀ ကျော်ပျောက်နေပြီး ဒီလိုလျှော့တွက်ထားတာတောင် ပျောက်နေတာက ခိုးတာပဲလို့ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် NUG ဟာ ရက် ၄၀၊ ရက် ၅၀ မှ တစ်ကြိမ်ထောက်ပံ့တာသာဖြစ်လို့ ပျမ်းမျှထောက်ပံ့မှုက တစ်နှစ်မှ ၉ ကြိမ်ခန့်သာရှိနိုင်ပြီး PRF တွေဆီက တစ်လ ဒေါ်လာ ၈ သိန်းရတယ်လို့ တွက်ဆမယ်ဆိုရင်တောင် တစ်နှစ်ဒေါ်လာ ၉ ဒသမ ၆ သန်းကျော်ရနိုင်တာဖြစ်လို့ PDF တွေဆီ တစ်ကြိမ် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့လည်း မလောက်ငစရာမရှိဘူးလို့ ပြည်တွင်း နိုင်ငံရေးလေ့လာသူတစ်ဦးက တွက်ဆပြပါတယ်။

CRPH၊ NUG က တာဝန်ရှိသူတွေဟာ ပြည်ပနဲ့ နယ်စပ်ကို ခြေလွတ်လက်လွတ်ပြေးခဲ့ကြပေမဲ့လည်း ကမ္ဘာတစ်ဝန်းရောက် မြန်မာတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေက တော်လှန်ရေးခေါင်းစဥ်အောက်မှာ ဒေါ်လာသန်းရာချီ လှူကြတဲ့အချိန် ဒီ တော်လှန်ရေးအလှူငွေတွေကို NUG ဝန်ကြီးဆိုသူတွေက ပြည်ပမှာ မိသားစုလိုက်အခြေချနေထိုင်တာမျိုးမှာ ကိုယ်ကျိုးသုံးကြတာတွေ လက်ရှိမှာ မြင်ခဲ့ရသလို CRPH အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းက ဒေါ်လာသန်းချီ သုံးစွဲပြီး ဖြေရှင်းချက်မပေးတာ၊ ထိုင်းနိုင်ငံမှာ ဇိမ်ခံအိမ်တွေ၊ မယားငယ်တွေနဲ့နေတယ်လို သတင်းထွက်တဲ့ NUG ဝန်ကြီးဦးလွင်ကိုလတ်၊ တန်ဖိုးကြီးအရက်သေစာသောက်စားတတ်တယ်ဆိုတဲ့ NUG ဝန်ကြီးဦးရည်မွန်၊ ဘားတွေဖွင့် စီးပွားရှာတဲ့ NUG ဒုဝန်ကြီးဦးကျော်နီ၊ မျက်နှာအလှပြင်၊ နှာခေါင်းခွဲစိတ်တဲ့ NUG ဒုဝန်ကြီးအိသဉ္ဇာမောင် စတဲ့ NUG က ထိပ်ပိုင်းလူတွေရဲ့ အလှူငွေကိုယ်ကျိုးသုံး အဂတိကျုးလွန်မှုတွေကို တော်လှန်ရေးအသိုင်းအဝိုင်းကပဲ ဖော်ထုတ်ခဲ့ကြအပြီးမှာ NUG အစိုးရအဖွဲ့ဝင်ဆိုသူတွေရဲ့ အဂတိမှုကို စောင့်ကြည့်မယ်ဆိုတဲ့ Anti- Corruption Taskforce (ACT) အဖွဲ့ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ ဖွဲ့စည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီယုန်မြင်လို့ ဒီချုံထွင်ပြီး တော်လှန်ရေးအလှူငွေနဲ့ ကိုယ်ပိုင်ဘဝ ​အေးချမ်းသာယာအောင် တည်ဆောက်နေကြတဲ့ CRPH နဲ့ NUG ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဘယ်သူက ဝေဖန်ဝေဖန် အလှူခံထားတဲ့ တော်လှန်ရေးငွေကြေးတွေကို ကိုယ်ပိုင်ဘဝ တည်ဆောက်ဖို့ ဆက်သုံးကြမှာ အသေအချာပါ။ ဒါ့အပြင် ဘယ်သူကမှလည်း လက်နက်ကိုင်တပ်ဖွဲ့ ဖင်ခုထိုင်ပြီး စည်းလွတ်ဘောင်လွတ်သတ်ဖြတ်၊ သတ်ဖြတ်ပြီးရင်လည်း ပိုင်ဆိုင်သမျှ လုယက်ပြီး “ဒလန်၊ သူလျှို၊ နစက ယန္တရားလည်ပတ်အောင်လုပ်ပေးသူ”လို့ နာမည်ဖျက်ခံရနိုင်တဲ့အခြေအနေမှာ စည်းကမ်းလိုက်နာစရာမလိုတဲ့ လက်နက်ကိုင်လေလှိုင်းအစိုးရ အဂတိနဲ့ ထင်တိုင်းကြဲမှုရှိလည်း ဝေဖန်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်မှာ မြေကြီးလက်ခတ်မလွဲပါ။

◾ အမေရိကန်အစိုးရသစ် ဖျက်သိမ်းဖွယ်ရှိတဲ့ မြန်မာဒုက္ခသည် အခြေချနေထိုင်ရေး

မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားတဲ့ တိုင်းပြည်က လူတွေအဖို့ အမေရိကန်၊ ကနေဒါ၊ နော်ဝေ၊ ဩစတြေးလျ၊ နယူးဇီလန် စတဲ့ ချမ်းသာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်လိုကြတာ သဘာဝပါ။ ဒါကြောင့်လည်း အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံပြင်ပခိုးထွက်ပြီး ဒုက္ခသည်ဘဝနဲ့ တတိယနိုင်ငံကြီးတွေဆီသွားကြတဲ့အထဲ မြန်မာနိုင်ငံကလည်း အများဆုံးထဲပါသလို ရခိုင်က ဘင်္ဂါလီတွေဆိုလည်း တတိယနိုင်ငံအိပ်မက်နဲ့ ကမ္ဘာက သူတို့ကို ချမ်းသာတဲ့ နိုင်ငံကြီးတွေဆီခေါ်ကြရအောင် နိုင်ငံမဲ့၊ လူ့အခွင့်အရေးဆိုတာတွေ တစာစာ အော်နေကြတာပါ။

၂၀၂၁ ခုနှစ်မှာ NLD ရဲ့ မဲခိုးမှု၊ ဥပဒေကျော်လွန်ဖောက်ဖျက်ပြီး လွှတ်တော်ပိတ်သိမ်းမှု၊ တပ်မတော်ရဲ့စာရင်းစစ်မှုကို လှောင်ပြောင်သရော်မှုတွေကနေ အာဏာအငြင်းပွားမှုဖြစ်ပွားချိန် နွေဦးတော်လှန်ရေးအမည်တပ်ပြီး နိုင်ငံတစ်ဝန်းအုံကြွချိန်မှာ ဒီလိုမျိုး တတိယနိုင်ငံပြေးလိုသူတွေဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး၊ တော်လှန်ရေး၊ ဖမ်းဝရမ်း စတဲ့ တတိယနိုင်ငံဆီရောက်စေနိုင်မဲ့ စကားလုံးတွေ တွင်တွင်ဟစ်ကြွေးပြီး နိုင်ငံကြီးတွေဆီ အရောက်ပြေးကြပါတော့တယ်။

ဒီနေရာမှာ လည်လည်ဝယ်ဝယ်ရှိသူတွေက အမေရိကန်အပါအဝင် နိုင်ငံကြီးတွေဆီ တန်းရောက်သွားပြီး နည်းနည်းပါးနပ်သူတွေကတော့ ထိုင်းလို၊ အိန္ဒိယလိုနိုင်ငံမှာ ရောက်ကုန်ကြသလို လည်လည်ဝယ်ဝယ်မရှိတဲ့သူတွေကတော့ လက်နက်ကိုင်ကုန်ကြပါတော့တယ်။ ဒီအချိန်မှာပဲ NLD ထိပ်ပိုင်းမရောက်တရောက်လူတချို့ကတော့ CRPH နဲ့ NUG လို့ လေလှိုင်းထဲက လွှတ်တော်နဲ့ အစိုးရဆိုတာ ဖွဲ့ပြီး သူတို့ကိုယ်တိုင်လည်း ပြည်ပနိုင်ငံဆီ အများစုနေကြတဲ့အပြင် မလည်မဝယ်လို့ လက်နက်ကိုင်ဖြစ်သွားသူတွေကိုလည်း သူတို့ ပြည်ပမှာ အတည်တကျ အခြေချဖို့ ကြမ်းတုံးလို ချနင်းတဲ့ ပုံစံဖြစ်သွားခဲ့ပါတယ်။

ဒီလိုမျိုး တတိယနိုင်ငံအိပ်မက်နဲ့ ဒီမိုကရေစီဗန်းပြပြီး နိုင်ငံကြီးတွေက မခေါ်ခေါ်အောင်လုပ်ဖို့ မြန်မာပြည် ဆူပူအုံကြွအောင် ပုံစံအမျိုးမျိုးနဲ့ နယ်စပ်ကနေ၊ ဒုက္ခသည်စခန်းတွေကနေ လှုံ့ဆော်နေသူတွေအဖို့ သူတို့ရဲ့ နှစ်ကာလကြာရှည် ကြိုးပမ်းအားထုတ်နေမှုဟာ နိုဝင်ဘာ ၅ ရက်မှာတော့ အချောင်သမားဝါဒနဲ့ ဒုက္ခသည်လက်မခံလိုတဲ့ ဒေါ်နယ်ထရမ့်ပ် တစ်ကျော့ပြန် နန်းတက်လာမှုနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ ခိုးဝင်တွေ၊ အကြမ်းဖက်တွေ၊ အချောင်သမားတွေကို မနှစ်လိုသူပီပီ သူအာဏာရလာပြီဆိုတာနဲ့ ဒုက္ခသည် ၁၀ သန်းကနေ သန်း ၂၀ လောက် ပြန်ပို့မယ်ဆိုတာမျိုး ဖြစ်လာသလို ထိုင်းနယ်စပ်ရောက် မြန်မာ ဒုက္ခသည် ၆၀၀၀၀ လောက်ကို ပြန်လည်နေရာချထားရေးအတွက် တတိယနိုင်ငံတွေဆီ ပို့ပေးမယ့် အစီအစဥ်ကလည်း ဖျက်သိမ်းဖွယ်ရှိလာနေပြန်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရောက်ရှိနေထိုင်ကာလ ကြာမြင့်နေပေမဲ့လည်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်မရသေးသူတွေ နှင်ထုတ်ခံရမယ့်အခြေအနေရှိလာနေတာကြောင့် အမေရိကန်လိုနိုင်ငံမှာနေပြီး မြန်မာ့အရေးအတွက် အလှူခံအမြတ်ထုတ်နေသူတွေလည်း စားပိုးနင့်တော့မယ့် အခြေအနေပါ။ အမေရိကန်က ခိုးဝင်လက်မခံ၊ ဒုက္ခသည်မခေါ်၊ လူ့အခွင့်အရေးဦးစားမပေးတော့ရင် တခြားသော နိုင်ငံတွေကလည်း သူတို့နိုင်ငံထဲ ဒုက္ခသည်တွေ ပြုံဝင်လာမှာ၊ အစွန်းရောက်အကြမ်း ဖက်ဘာသာဝင်တွေပါလာမှာ ကြောက်တာကြောင့် ဒုက္ခသည်မူဝါဒကို ပြင်ဆင်တင်းကျပ်မှာမို့လို့လည်း တတိယနိုင်ငံအိပ်မက် မက်နေသူတွေအဖို့ ငိုလို့ရယ်လို့မရတဲ့ ဘဝတွေ ကြုံနေရတာပါ။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ပ်က မြန်မာနိုင်ငံကို စိတ်ဝင်စားသူမဟုတ်လို့ မြန်မာနိုင်ငံမှာ လက်ရှိဘိုင်ဒန်အစိုးရလို ကူညီထောက်ပံ့မှုတွေ ဆက်လုပ်ဖွယ်မရှိတဲ့အပြင် ဘိုင်ဒန်တို့ မွှေနှောက်ထားခဲ့တဲ့ ထောက်ပံ့မှုတွေ၊ Burma Act 2022 လိုဟာမျိုးတွေက ပျက်သုဥ်းတုံ့ဆိုင်းသွားဖို့များနေတာကြောင့် မြန်မာပြည် အလုံးစုံပျက်သုဥ်းဖို့ လက်နက်ကိုင်ဖျက်ဆီးနေသူတွေလည်း ရှေ့ဆက်တိုးဖို့ မရေမရာဘဝတွေ ဖြစ်နေရတာပါ။ သေချာတာကတော့ ​ဒေါ်နယ်ထရမ့်ပ် တစ်ကျော့ပြန်နန်းတက်လာတာဟာ မြန်မာပြည်မှာ အချိန်တိုနဲ့ ဒီမိုကရေစီထွန်းကားလိုသူတွေအတွက် မျှော်လင့်ချက်ရက် နီးစပ်လာတာဖြစ်ပြီး မြန်မာပြည်ပျက်သုဥ်းဖို့အတွက် သတ်ကြဖြတ်ကြရေး အလှူခံဖျက်ဆီးနေသူတွေအဖို့တော့ ကိုယ့်ပြုတဲ့အကုသိုလ်ကံကပဲ ပြန်အကျိုးပေးပြီမို့ ကိုယ်ဖျက်ဆီးခဲ့သလို အဖြစ်ဆိုးမကြုံဖို့ ခြောက်အိပ်မက်တွေနဲ့ ဝဋ်လည်ချိန်ဆိုက်ပြီလားလို့ တွေးနေကြတော့မယ်ထင်မြင်မိကြောင်း တွေးဆပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *