November 14, 2024

◾️မီးထွန်းပွဲတော်ကို ယနေ့မှစ၍ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည့်အပြင် ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများ ပြုလုပ်မည်

၁၃. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။

SAC ဥက္ကဋ္ဌနှင့်ဇနီးတို့ အခမ်းအနား ကျင်းပမည့်နေရာသို့ ရောက်ရှိချိန်တွင် တိုင်းရင်းသား၊ တိုင်းရင်းသူများက မီးကြာခွက်များ ကိုင်ဆောင်၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ဦးရွှေရိုး ဒေါ်မိုးအက၊ တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်များ တီးမှုတ်၍ ကြိုဆိုခဲ့ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ်အလုံး ၅၀၀ ကို လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများ၊ စိန်နားပန်မီးပုံးပျံများနှင့် ညမီးကျည်(ညမီးကြီး) မီးပုံပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကို ဆောင်ရွက်ကြရာ SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ် စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးဌာနမှ ဇာတ်တော်ကြီးဖြင့် လည်းကောင်း၊ ဇာတ်မင်းသားဖိုးချစ်အဖွဲ့က ဇာတ်သဘင် ဖျော်ဖြေမှုတို့ကို လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော် ကြည်ညိုကြည့်ရှုနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *