၅. ၁. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံဆွေးနွေးရာတွင် ဖိလစ်ပိုင်နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရေး၊ ဖိလစ်ပိုင်ကျေးရွာများသို့ စိုက်ပျိုးရေးနည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှုကူညီရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ အခြေခံပညာရေး၊ မိုးလေဝသပညာရပ်နှင့် အာကာသနည်းပညာတို့အပြင် ကာကွယ်ဆေးများ ထောက်ပံ့ကူညီရေးကိုပါ ကတိပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖာဒီနန်မားကို့စ်ဂျူနီယာ၏ တရုတ်သို့ သုံးရက်ကြာချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းသွားလာမှုဆိုင်ရာအငြင်းပွားမှုများ ဖြေရှင်းရေးလမ်းကြောင်းသစ်များအဖြစ် သဘောတူညီမှု ၁၄ ချက်ရယူနိုင်ခဲ့ကြကြောင်းသိရသည်။
ယင်းအပြင် ရှီကျင့်ဖိန်နှင့် ဖာဒီနန်မားကို့စ် ဂျူနီယာတို့အကြား တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းများ တည်ထောင်ရန်နှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုများကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသွားကြရန် သမ္မတနှစ်ဦးက သဘောတူခဲ့ကြသည်။ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သော နှစ်နိုင်ငံပူးတွဲကြေညာချက်၌ ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းနိုင်မှုနှင့် မြှင့်တင်နိုင်မှု၊ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းနှင့် လေကြောင်းလွတ်လပ်စွာသွားလာနိုင်မှုတို့၏ အရေးကြီးမှုကို နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုကြောင်းလည်း ဖော်ပြခဲ့သည်။
နှစ်ဖက်စလုံးကပင် အပြန်အလှန်ယုံကြည်အားထားမှုတိုးတက်ကောင်းမွန်စေရန် ယုံကြည်မှုတည်ဆောက်ရေးဆောင်ရွက်ချက်များ ပြုလုပ်သွားကြရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြား တိုက်ရိုက်ဆက်သွယ်မှု ယန္တရားတည်ဆောက်ရေးလည်း သဘောတူခဲ့ကြသည်။ နှစ်နိုင်ငံဆက်သွယ်ရေးတွင် မဟာဗျူဟာကျသောပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုပြုသွားရန်လည်း သမ္မတနှစ်ဦးက သဘောတူခဲ့ကြသည်။
ဇန်နဝါရီ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြသော သဘောတူညီမှု ၁၄ ချက်တွင် လယ်ယာစိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ရေကြောင်းသွားလာရေးလုံခြုံမှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
ပူးတွဲကြေညာချက်၌ နှစ်နိုင်ငံစလုံးက တစ်ဦးကိုတစ်ဦး အနီးကပ်ဆုံးအိမ်နီးချင်းများ၊ ဆွေမျိုးပေါက်ဖော်များနှင့် မိတ်ဖက်နိုင်ငံအဖြစ် သဘောထားမှုကိုဖော်ပြသွားကြပြီး တစ်ဦးကိုတစ်ဦးကူညီမှုပြု၍ နားလည်မှုပေးကာ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ပြုသွားမည်ဟုလည်း ဖော်ပြခဲ့ကြသည်။
Ref—-SCMP