November 14, 2024

◾ အပြစ်ရှိလျှင် ထောင်ထဲဝင်သွားလိုက်မည်ဟု သမ္မတဟောင်း ဒူတာတေး ပြောကြား

၁၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတဟောင်းဖြစ်တဲ့ ရိုဒရီဂို ဒူတာတေး အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီစီ) ကိုသွားရောက်ဖမ်းဆီးစစ်ဆေးခံဖို့ သူကိုယ်တိုင်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဖိလစ်ပိုင်အစိုးရအနေနဲ့ ဝင်ရောက် တားဆီးနေမှာမဟုတ်ဘူးလို့ လက်ရှိသမ္မတရုံးက နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကြေညာချက်မှာ လက်ရှိသမ္မတ ဖာဒီနန်မားကို့စ် အစိုးရအနေနဲ့ သမ္မတဟောင်းဒူတာတေးကသာ ဒီလိုပြုလုပ်လာခဲ့ရင် တစ်စုံတစ်ရာ တားဆီးမှု ဒါမှမဟုတ် ပိတ်ဆို့တားမြစ်မှု မျိုးလုပ်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဒူတာတေးကတော့ အိုင်စီစီ အနေနဲ့ လူတွေသေဆုံးမှုရှိခဲ့တယ်ဆိုတဲ့ သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကို အတွင်းကျကျ စုံစမ်းစစ်ဆေးမှု အမြန်ပြုလုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒူတာတေး က “ကျွန်တော်ကတော့ အိုင်စီစီကို ဒီကိစ္စအမြန်စစ်ဆေးကြည့်ပါလို့ ပြောချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် သူတို့ဒီကိုလာပါ၊ စုံစမ်းမှုကို မနက်ဖြန်ပဲ စလိုက်စမ်းပါ။ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့တွေ့ရင် ကျွန်တော်ထောင်ထဲဝင်သွားလိုက်မယ်” လို့ သူသမ္မတ တာဝန်ယူတုံးက လုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖိလစ်ပိုင်ကွန်ဂရက် စုံစမ်းရေးကော်မတီက စစ်ဆေးကြားနာမှုမှာ နိုဝင်ဘာလ ၁၃ ရက်က ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့စာရင်းဇယားအရတော့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှုစစ်ဆင်ရေးတွေကို ဒူတာတေး သမ္မတတာဝန်ယူချိန် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တာမှာ စုစုပေါင်းလူ ၆,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုနဲ့ သံသယရှိသူတွေကို သတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး အုပ်စုတွေကတော့ အမှန်တကယ်သေဆုံးမှုအရေအတွက်က ဒီထက်အများကြီးပိုတယ်လို့ယုံကြည်နေကြပါတယ်။ မူးယစ်ရောင်းချသူတွေနဲ့အသုံးပြုသူတွေဟာ ဘယ်သူလို့ မပြောနိုင်သူတွေရဲ့ သတ်ဖြတ်မှုတွေကို ခံခဲ့ရတယ်လို့ သူတို့က ဆိုပါတယ်။

ဒူတာတေးကတော့ ” ဒီဖြစ်ရပ်တွေမှာ နိုင်ငံရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ကတော့ ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ဒီလုပ်ဆောင်မှုကလည်း ပြည်သူတွေကို ထိခိုက် သက်ရောက်နေတဲ့ စိုးရိမ်ဖွယ်မူးယစ်ပြဿနာကြောင့် လုပ်ဆောင်ရတာပါ” လို့ ဆက်လက်ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက မူလက အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ဒူတာတေး သမ္မတဖြစ်လာပြီး ၂၀၁၉ ခုနှစ် မတ်လမှာ  နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်ဟာ အိုင်စီစီအဖွဲ့ဝင်ဖြစ်နေတုံးက ရာဇဝတ်မှုတွေ နိုင်ငံတွင်းဖြစ်နေခဲ့လို့ ဒါတွေအတွက် အိုင်စီစီက တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ အိုင်စီစီ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *