၁၃.၁၁.၂၀၂၄
Written By Thandar
ပရဟိတနယ်လှည့် ဆေးကုဆရာမ မြတ်သစ္စာရဲ့ ဖခင်နဲ့မိခင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့်ရည်စူးအလှူကို ယနေ့ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒေါပုံမြို့နယ် ယမုံနာ (၁)ရပ်ကွက်၊ အသောကရာမကျောင်းတိုက်မှာ ဘုရားဆင်းတုတော်၊ ခေါင်းအုပ်၊ အဝတ်အထည်ထမင်းစတာတွေ လူအယောက် ၂၀၀၀ စာ မဲနှိုက်ပြီး လှူဒါန်းပေးအပ်ခဲ့ပါတယ်။
“ဒီနေ့အလှူကတော့ အဖေ၊ အမေ ကွယ်လွန်ခဲ့တာ ၃ နှစ်ပြည့်အနေနဲ့ လှူဒါန်းရခြင်းဖြစ်ပါတယ်။ အဖေနဲ့အမေ ၃ နှစ်ပြည့်ဆိုတာ အဖေဆုံးပြီး မကြာဘူး ၃ လပဲခြားတာမို့ပါ။ ပစ္စည်းတွေက မိဘနှစ်ပါးအတွက် ရည်းစူးလှူဒါန်းတာပါ။ မနက်ပိုင်းက အရုဏ်ဆွမ်းကပ်တယ်။ နွားဦးတိုက်ဆရာတော်ကို စိန်ဖူးတော်လှူဒါန်းခဲ့ပါတယ်။ရပ်ကွက် ပရဟိတဦးဆောင်အသင်းကိုလည်း လှူဒါန်းဖြစ်ပါတယ်။ ခုမှလှူတာမဟုတ်ပါဘူး။ စပြီး အဖေနဲ့အမေ မရှိထဲက ဆက်တိုက်ဆိုသလို ရောက်တဲ့အရပ်မှာ လှူခဲ့တာပါ။ ဘုရားဆင်းတုတော် ၉၉၉၉၉ ဆူကို လှူပြီးပါပြီ။ ခုက ထပ်လှူဒါန်းတာပါ”လို့ ပရဟိတဆရာမ မြတ်သစ္စာက MT Entertainment ကို ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ ဖခင်ကြီး ဦးစိုးတင်နဲ့ မိခင်ဒေါ်တင်မေတို့အတွက် ရည်စူးပြီး ဘုရားဆင်းတုတော်၊ ဆန်၊ ကျား/မ ကလေးအဝတ်အထည်၊ ခေါင်းအုပ်၊ ထမင်းဘူး၊ ငွေစုဘူးအရုပ်တွေကို လူအယောက် ၂၀၀၀ စာ မဲနှိုက်ပြီးလှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် နံနက်ပိုင်းကလည်း အသောကရာမကျောင်းတိုက်ရှိ သံဃာအပါး ၆၀ ကိုဆွမ်းကပ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ယောဂီတွေကို ထမင်းဘူးလှူဒါန်းခဲ့ပါတယ်။