November 14, 2024

၁၃. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၄ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရာက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော်မူကြသည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

SAC ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံမာရဝိဇယ ကျောင်းတော်ကြီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မာရဝိဇယကျောင်းတော် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကိုနာယူခဲ့ကြသည်။

ထို့နောက် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြားခဲ့ပြီးနောက် မာရဝိဇယ ကျောင်းထိုင်ဆရာတော်ကြီးထံမှ ရေစက်သွန်းတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး အခမ်းအနားအပြီးတွင် ပေါက်မြိုင် ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *