ဖြိုးဝေ
၁၃. ၁၁. ၂၀၂၄
မြန်မာနိုင်ငံအပေါ် အလုံးစုံပိတ်ဆို့ဖို့ Article 33 နဲ့ပတ်သက်တဲ့ အဆိုကို ပြည်ပထွက်ပြေးတဲ့ အဖွဲ့အစည်းတချို့က ILO ထံတင်သွင်းခဲ့ရာမှာ လက်ခံပြီး Article 33 နဲ့ ပတ်သက်လို့ ILO က လာမယ့်နှစ်မှာပြုလုပ်မယ့် သူတို့ရဲ့ ညီလာခံမှာဆက်ပြီး ဆွေးနွေးသွားဖို့ရှိနေတယ်လို့ သိရတဲ့အတွက် မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ထားတယ်လို့ မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေပြောလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ILO လို အဖွဲ့အစည်းတစ်ရပ်ဟာ မြန်မာပြည်တွင်းက သန်းဆယ်ချီတဲ့ အလုပ်သမားထုအသံထက် ပြည်ပထွက်ပြေး ငွေရှာကြတဲ့ အလုပ်သမားအဖွဲ့အစည်းအသံပဲ နားထောင်နေတာက ဘာကြောင့်လဲ တွေးဆစရာဖြစ်လာပါတယ်။ ဒါ့အပြင် သူတို့ပိတ်ဆို့လည်း အလုပ်သမားထုကပဲ နာပြီးရင်း နာရတယ်ဆိုတာ ILO ရဲ့ ၂၀၀၀ ပြည့်နှစ် Article 33 ပိတ်ဆို့မှုဖြစ်စဉ်မှာ အစိုးရနဲ့ လုပ်ငန်းရှင်တွေ အထိမနာခဲ့တဲ့ဖြစ်စဉ်နဲ့ ချိန်ဆတတ်ပါစေလို့ ပြောရမဲ့ အခြေအနေပါ။
အခြားတစ်ဖက်မှာလည်း ရွှေစျေးနဲ့ ဒေါ်လာစျေးကို ဆွဲတင်ပြီး ပြည်သူကို ငတ်မွတ်ဆူပူ လှုပ်ခတ်ချင်တဲ့ ပိုက်ဘောမိထားသူတွေဟာ ရွှေစျေးက တစ်ကျပ်သား သိန်း ၁၀၀ ဖြစ်ပြီး ဒေါ်လာစျေးက တစ်ဒေါ်လာ ၁၀၀၀၀ ပြန်ဖြစ်လာဖို့အတွက် အကွက်ဟောင်းဖြစ်တဲ့ ငွေစက္ကူအဟောင်းတွေ ဖျက်သိမ်းမယ်၊ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်မယ်ဆိုတဲ့ ကောလာဟလတွေပဲ ပြန်ထုတ်လွှင့်လာတာ မြင်ရပါတယ်။ တစ်ဒေါ်လာ ၇၅၀၀ ဝန်းကျင်ကနေ ၄၅၀၀ ဝန်းကျင်အထိ ကျသွားသလို ရွှေတစ်ကျပ်သား သိန်း ၈၀ ကျော်ကနေ သိန်း ၆၀ ကျော် ပြန်ကျသွားတာဟာ ပိုက်ဘောမိထားသူတွေအတွက် ရူးနှမ်းသွားလောက်တဲ့ အနေအထားဖြစ်ပြီး ဒီလိုမျိုး ပိုက်ဘောကို တခြားသူဆီ ကန်ထုတ်ဖို့ ကြိုးစားနေတာကို မြင်တတ်ဖို့လိုပြီး သူ့ပိုက်ဘော ကိုယ့်ဆီမလာရေး ရှောင်တတ်ဖို့ အရေးတကြီးလိုအပ်တဲ့ဖြစ်စဉ်တွေအပြင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ပြီးဖြစ်တဲ့ ရွှေအရောင်းအဝယ် ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် နိုဝင်ဘာလ ၁၈ ရက်ကနေ သုံးလအတွင်း စတင်လျှောက်ထားနိုင်ပြီဆိုတဲ့ ဖြစ်စဉ်အပြင် ရာဂီမုန်တိုင်းအတွက် ကျပ် ၂၅ ဘီလျံကျော် သုံးစွဲထားပြီးပြီလို့ ပြောလာတဲ့ဖြစ်စဉ်တွေပါ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ ရောင်းပေးတယ်ဆိုတဲ့ကြားက ပေါ်ဆန်းဆန်တွေ စျေးတက်လာပြီး ဝယ်မစားနိုင်ကြတော့ဘူးဆိုတဲ့ အခြေအနေတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ တိုးတက်တယ်ဆိုတဲ့အကြောင်းတွေနဲ့ တရုတ်နိုင်ငံရဲ့ အပြောင်းအလဲမှာ မြန်မာ့စီးပွားရေးက ဘယ်လောက်တိုးတက်လာနိုင်မလဲဆိုတဲ့ ရှုမြင်မှုတွေကို သုံးသပ်ချင်ပါတယ်။
◾ ဝယ်မစားနိုင်ကြတော့တဲ့ ပေါ်ဆန်း
ဝယ်ရင်းစျေးထက် ရာခိုင်နှုန်း ၇၀ အမြတ်တင်ရောင်းချမှုတွေကြောင့် ဆန်လုပ်ငန်းရှင်တွေ၊ Aeon Orange လို လုပ်ငန်းရှင်တွေကို ဖမ်းဆီးထောင်ချအပြီးမှာ သင့်တင့်မျှတတဲ့ စျေးနှုန်းနဲ့ ဆန်တွေ ရောင်းချပေးလာပေမဲ့လည်း ဒီလိုစျေးနှုန်းနဲ့ကို ပြည်သူတွေကြားမှာ အစားချင်ဆုံးစစ်တမ်းအရ နံပါတ် (၁) စွဲခဲ့ဖူးတဲ့ ပေါ်ဆန်းဆန်ကို ပြည်သူက ဝယ်မစားနိုင်တဲ့အဆင့်ပါ။ လက်ရှိမှာ သင့်တင့်မျှတမှုဆန်စျေးနှုန်းနဲ့ ရောင်းချပေးမှုတွေအရ ဌာနဆိုင်ရာဝန်ထမ်း မိသားစုတွေက အောက်တိုဘာလမှာ ဧည့်မထဆန်အမျိုးအစား ၁၀၈ ပေါင် (၂၄ ပြည်) အိတ်ရေ ၃၂,၄၀၀ ကျော် ဝယ်ယူကြပေမဲ့ ပေါ်ဆန်းဆန်ဝယ်ယူနိုင်မှု အနည်းငယ်သာရှိတာပါ။ စက်မှုဇုန်က စက်ရုံဝန်ထမ်းတွေကလည်း တစ်လုံးတစ်ခဲတည်းပေးရတဲ့ ၂၄ ပြည်အိတ်အကြီးထက် 10 Kg အိတ်အသေးပဲ အဓိကဝယ်ယူကြရာမှာလည်း စျေးချိုတဲ့ ဧည့်မထ အဓိကဝယ်ယူကြပြီး ရွှေဘိုပေါ်ဆန်းဝယ်ယူမှုက ရာခိုင်နှုန်း ၃၀ ပဲ ရှိပါတယ်။ ဒါ့အပြင် လက်လီဆိုင်တွေကလည်း 10 Kg ပေါ်ဆန်းဆန်အိတ်အသေးဝယ်ယူမှုက ၈၆ ရာခိုင်နှုန်းထိုးကျသွားပြီး ဆန်ကြမ်းတွေပဲ ဝယ်ယူကြသလို စျေးဝယ်စင်တာတွေကလည်း ရက် ၉၀ လို စျေးနည်းတဲ့ ဆန်အမျိုးအစားကိုပဲ အဓိကမှာယူကြတာဟာ ပြည်သူကြားက ကျပ်တည်းမှုပြယုဂ်လို့ပဲ ဆိုရမှာပါ။
ကုလသမဂ္ဂစစ်တမ်းတွေအရ မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရသလို တိုက်ပွဲတွေနဲ့ ဆက်ကြေးတွေကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေချိန်မှာ ပေါ်ဆန်းဆန်ကလည်း သင့်တင့်မျှတတဲ့ စျေးနှုန်းမှာကို အဆမတန် ခုန်တက်လာပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၃၅၀၀၀ အမြင့်ဆုံးလို့ MRF သတ်မှတ်ရာက ဩဂုတ်လအတွက် စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ချက်မှာ အမြင့်ဆုံး ကျပ် ၁၄၅၀၀၀၊ စက်တင်ဘာမှာ ကျပ် ၁၅၀၀၀၀၊ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ရွှေဘိုပေါ်ဆန်းကို အမြင့်ဆုံး ကျပ် ၁၄၅၀၀၀ ပဲ သတ်မှတ်ထားပေမဲ့ စျေးကွက်ထဲမှာတော့ ရွှေဘိုပေါ်ဆန်းဟာ ထူးထူးရှယ်ခေါင်းစဉ်နဲ့တစ်အိတ် ကျပ် ၂ သိန်းကျော်လာပြီး သင့်တင့်မျှတတဲ့စျေးထက် ၆၀၀၀၀ လောက် ပိုများနေသလို ပိုရောင်းချခွင့်ပြုမထားတဲ့ ၈ ရာခိုင်နှုန်းထက်လည်း အဆမတန်ကျော်လွန်နေပါသေးတယ်။
လက်ရှိမှာလည်း ဩဂုတ်လအတွင်း စပါးဧက တစ်သန်းကျော် ရေမြုပ်ပြီး စက်တင်ဘာ ရာဂီဖြစ်စဉ်မှာ စပါးနဲ့ သီးနှံ ဧက ၇ သိန်းကျော် ရေမြုပ်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် မိုးစပါးရိတ်သိမ်းချိန်အထိ မိုးမပြတ်သေးသလို အဆိုးတကာ့အဆိုးဆုံးကတော့ တရုတ်ပိတ်ဆို့မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ ရှမ်းမြောက်နဲ့ ရခိုင် ဒေသတွေဆီ ဆန်နဲ့ စားသုံးကုန်တွေ ခိုးထုတ်နေမှုပါ။ အဲဒီဒေသတွေမှာ ဆန်နဲ့ စားသောက်ကုန်တွေဟာ ပြည်မပေါက်စျေးထက် သုံးဆလောက် အမြတ်တင်လို့ ရနေတယ်လို့ အသံထွက်သလို လက်တွေ့မှာလည်း ရခိုင်နဲ့ ရှမ်းမြောက်က လက်နက်ကိုင်တွေဟာ အဘက်ဘက်က ကုန်စည် ပိတ်ပါတယ် ဆို့ပါတယ် ဆိုတဲ့ကြားက စားရေရိက္ခာပြတ်လပ်မှာ ပူပန်မှုမမြင်ရဘဲ မှောင်ခိုတင်သူတွေကို အခွန်လွတ်ခွင့်ပေးတာ၊ ထိုးစစ်ပိုဆင်တာကို မြင်နေရပြန်ပါသေးတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ ဆက်ဖြစ်နေသရွေ့တော့ စစ်ပွဲလည်း ရပ်မှာမဟုတ်သလို အကျိုးအမြတ်များလို့ မှောင်ခိုထုတ်နေတဲ့ဆန်နဲ့ ပြည်ပတင်ပို့မှု ပိုမိုမြင့်တက်လာတဲ့အခြေအနေတွေက ပြည်တွင်း ဖူလုံမှုကို ထိခိုက်စေမှာလည်း ဆန်းစစ်ကြပ်မတ်ဖို့ လိုပါတယ်။
◾ တိုးတက်လာတဲ့ ဆောက်လုပ်ရေး
ဆောက်လုပ်ရေးသုံးပစ္စည်းအားလုံး စျေးအဆမတန်တက်လာတဲ့ကြားက မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍတိုးတက်လာနေပြီး လက်ရှိနှစ်မှာကို မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှုနှုန်းက ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ မြန်မာကျပ်ငွေ ၉ ဒသမ ၀၃ ထရီလျံအထိ ဖြစ်လာခဲ့သလို လာမယ့် လေးလအတွင်းမှာလည်း တည်ငြိမ်တိုးတက်နေမယ်လို့ Research And Markets က ဖော်ပြလာပါတယ်။
ဒါ့အပြင် ၂၀၂၈ ခုနှစ်အထိလည်း မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုက ကျပ် ၁၁ ဒသမ ၁၁ ဒသမ ၈၄ ထရီလျံအထိ မြင့်တက်နေဦးမယ်လို့ Research And Markets က ခန့်မှန်းခဲ့တဲ့အပြင် ရုရှားနိုင်ငံအခြေစိုက် Etalon စီးပွားရေးလုပ်ငန်းစုဟာလည်း မြန်မာနိုင်ငံက အိမ်ရာအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေပူးတွဲလုပ်ကိုင်ဖို့ စီစဉ်နေမှုက ရာခိုင်နှုန်း ၉၀ အထိ အောင်မြင်နေတယ်လို့လည်း ရုရှားသတင်းဌာနတွေက ဖော်ပြနေပါသေးတယ်။
နိုင်ငံမတည်ငြိမ်မှုနဲ့ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေမှုတွေကြားမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်နေတာက ဗြုန်းကနဲကြည့်လိုက်ရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လုပ်သားတွေအတွက် ဝမ်းသာစရာဖြစ်ပေမဲ့ လက်တွေ့မှာတော့ ဒီတည်ဆောက်မှုတွေ တိုးတက်လာရခြင်း အရင်းခံမှာ PDF တွေ EAO တွေက နိုင်ငံပိုင် လမ်းတွေ၊ ကျောင်းတွေ၊ တံတားတွေ၊ တာဝါတိုင်တွေ စတဲ့ အခြေခံအဆောက်အအုံ ထောင်နဲ့ချီ ဖျက်ဆီးထားတာ၊ နှစ်ဖက်တိုက်ပွဲတွေကြားမှာ နေအိမ်တစ်သိန်းကျော် ပျက်စီးခဲ့တာတွေကို ပြန်တည်ဆောက်ကြတာဆိုတဲ့ အရင်းခံက များပြားလှတဲ့သဘောဆောင်ပြီး ဒီတည်ဆောက်မှုတွေကြောင့်လည်း ဆောက်လုပ်ရေးကဏ္ဍ တိုးတက်နေတာမို့လို့ အရင်းစစ်ရင် အမြစ်မြေဟာ ပြည်သူ့ဘတ်ဂျက်ကပဲ တစ်ဖန်ပြန်သုံးစွဲရဦးမှာဖြစ်တာကြောင့် တိုးတက်ပေမဲ့ ပျော်ဖို့တော့ ခက်ပါမယ်။
◾ တရုတ်ကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေးအပြောင်းအလဲ
နစက ဥက္ကဋ္ဌနဲ့ တရုတ်ဝန်ကြီးချုပ် လီချန်တို့ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ဆုံအပြီးမှာ နယ်စပ်ဂိတ်တွေဟာ နှစ်နိုင်ငံအစိုးရ ထိန်းချုပ်မှုအောက်မှာပဲ တည်ရှိရမယ်လို့ လီချန်က ပြောလာသလို မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကိုလည်း ငါးနှစ်ဗီဇာခွင့်ပြုမှု၊ တရုတ်နယ်စပ် ကျယ်ဂေါင်ကတစ်ဆင့် ပြည်ဝင်ပြည်ထွက်ကုန်ပစ္စည်းအားလုံးကို နိုဝင်ဘာ ၁၁ ရက်ကစ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းက တစ်ဆင့် ဝင်၊ ထွက်ရမယ်လို့ တရုတ်နိုင်ငံဘက်က သတ်မှတ်လိုက်ပြီး နယ်စပ် လက်နက်ကိုင်တွေ အသက်ဆက်စေမဲ့ တစ်နိုင်တစ်ပိုင်သယ်ဆောင်မှုတွေကိုလည်း ရပ်တန့်လိုက်တဲ့ ဖြစ်စဉ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ဒါ့အပြင်လည်း ခရီးစဉ်မှာ ထူးခြားချက်အဖြစ် မြန်မာနိုင်ငံနဲ့ အဓိကထိစပ်တဲ့ ယူနန်ပြည်နယ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြသလို ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ SAC ဥက္ကဋ္ဌကို ကောဇောနီခင်းကြိုဆိုခဲ့တာတွေ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ တရုတ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံမှုတွေကြောင့်လည်း SAC အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက SAC ဥက္ကဋ္ဌရဲ့ ဒီခရီးစဥ်ဟာ မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့တာ တွေ့ရပါသေးတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့တယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။ အောင်မြင်မှုရခဲ့တယ်။ မြန်မာနိုင်ငံကို လာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို မျှော်မှန်းပါတယ်”လို့လည်း ပြောခဲ့ပါသေးတယ်။
အခြားသောတစ်ဖက်မှာ ခရီးစဉ်ရဲ့ အောင်မြင်မှုနဲ့ SAC အစိုးရအပေါ် အလေးသာလိုက်တဲ့ တရုတ်နိုင်ငံရဲ့ ဘက်တစ်ဖက်တည်း ပြောင်းလဲရပ်တည်မှုကို မနာလိုသူတွေက မြန်မာနဲ့ တရုတ်အကြား အဓိက ထိတွေ့ရမဲ့ ယူနန်ပြည်နယ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး NLD အစိုးရဟောင်း သဘောတူပေးခဲ့တဲ့ စီမံကိန်း ၃၃ ခုနဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေ တစ်ကျော့ပြန် အသက်ဝင်လာတော့မယ့် အလားအလာကို မျက်ကွယ်ပြုခဲ့ကြတာလည်း မြင်ရပါသေးတယ်။ ဒါ့အပြင် တရုတ်အတွက် ဖိအားဖြစ်စေမဲ့ ဒေါ်နယ်ထရန့်ပြန်တက်လာတာကိုလည်း မခံချိမခံသာအပြောတွေနဲ့ ဟန်ဆောင် ကျေနပ်ပြနေတာလည်း မြင်ရပါသေးတယ်။
တရုတ်နိုင်ငံက NUG ကို တစ်စက်မှ လှည့်မကြည့်လို့ SAC ဘက်ရပ်တာကြောင့်ပဲဖြစ်ဖြစ်၊ အမေရိကန်ရဲ့ Trade War တစ်ကျော့ပြန် အသက်ဝင်လာနိုင်တာကြောင့်ပဲဖြစ်ဖြစ် ဒီခရီးစဉ်ကို အသိအမှတ်မပြုရင်တောင်မှ ကျောက်ဖြူ-ကူမင်းလို၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေဟာ တစ်ကျော့ပြန်နိုးထလာတော့မှာ အသေအချာပါ။ ဒီအချိန်မှာ NLD အစိုးရဟောင်းလက်ထက်ကတောင် ဘာတစ်ခုမှ မြန်မာနိုင်ငံတိုးတက်ဖို့ မကူညီဘဲ ပြဿနာတွေကိုပဲ ဖန်တီးနေတဲ့ အမေရိကန်ထက် မြန်မာနိုင်ငံက ငြင်းပယ်လို့မရတဲ့ အိမ်နီးချင်းတရုတ်နဲ့ စီမံကိန်းတွေ ဆက်လုပ်တော့မယ့် သဘောသာဖြစ်လို့ တရုတ်အခက်၊ မြန်မာအချက်ဖြစ်အောင်၊ လုပ်ဆောင်မယ့် စီမံကိန်းတွေရဲ့ အကျိုး အမြတ်ခွဲဝေမှုတွေက တရုတ်ချည်းအသာရတာမဖြစ်ဘဲ မျှတအောင်၊ မြန်မာ့အချုပ်အခြာအာဏာမထိပါးအောင်နဲ့ ကြွေးမြီထောင်ချောက်ထဲမကျအောင် အစိုးရတာဝန်ရှိသူတွေက စွမ်းဆောင်ပြဖို့ပဲ အဓိကလိုတာဖြစ်ပြီး ဒီလိုမျိုးစွမ်းဆောင်နိုင်လောက်မလားဆိုတဲ့ စီးပွားရေးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုတွေလည်း အနှေးနဲ့ အမြန် မြင်ရပါစေ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။