MT News
၁၃. ၁၁. ၂၀၂၄
လှိုင်မြစ်ကူး ရွှေပြည်သာ တံတားရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားသော်လည်း ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ် ရေလုပ်ငန်းဆောင်ရွက်မည် ဖြစ်သောကြောင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၂)နှင့် (၃)အကြားမှ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်း၏ ကင်းလွတ်အကျယ်သည် ၃၄၅ ပေနှင့် ကင်းလွတ်အမြင့်သည် အမြင့်ဆုံး ရေမျက်နှာပြင်အထက် ၃၆ ပေရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက် ရေလမ်းတွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသထားမည်ဖြစ်ပြီး ညအခါ မီးစိမ်းထွန်း ပြသထားမည်ဖြစ်သည်။ ထို့အတူ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါ မီးနီထွန်း ပြသထားမည် ဖြစ်သည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံများသည် ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင် ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်၊ တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်နှင့်အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ချဉ်းကပ်ရာတွင် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။