November 14, 2024
photo_2024-11-13_15-31-45

၁၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေခရီးစဉ်ကျွန်းဖြစ်သော ဘာလီကျွန်း၏အနီးရှိ ဖလိုးစ်ကျွန်းပေါ်ရှိ မီးတောင်တစ်ခုပေါက်ကွဲမှုကြောင့် ပြာများ မိုးကောင်းကင်သို့ မိုင်နှင့်ချီ၍ မှုတ်ထုတ်လွင့်တက်နေရာ ဘာလီကျွန်းသို့ပျံသန်းနေသော ဩစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ လေကြောင်းပျံသန်းမှုခရီးစဉ်များကို နိုဝင်ဘာလ ၁၃ ရက်တွင် ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။

Jetstar နှင့် Qantas လေကြောင်းလိုင်းများက မီးတောင်ပေါက်ကွဲမှုများဖြစ်နေစဉ်အတွင်း လုံခြုံစိတ်ချရမှု အကြောင်းပြချက်များဖြင့် ပျံသန်းမှုခရီးစဉ်များကို နိုဝင်ဘာလ ၁၃ ရက်တွင် ရပ်ဆိုင်းခဲ့ကြသည်။ Airasia နှင့် Virgin လေကြောင်းလိုင်းများကလည်း ဘာလီကျွန်းသို့ ပျံသန်းမှုခရီးစဉ်များ ရပ်နားထားလျက်ရှိကြသည်။ အခြားသော နိုင်ငံတကာ လေကြောင်းလိုင်းများကလည်း ဘာလီကျွန်းသို့ လေယာဉ် အဝင်အထွက်များ မပြုလုပ်ဘဲ ရပ်နားထားရာ ကမ္ဘာလှည့်ခရီးသည်အချို့ ဘာလီလေဆိပ်တွင် သောင်တင်နေကြောင်း သိရသည်။

ဘာလီမှ ကီလိုမီတာ ၈၀၀(၄၉၇ မိုင်) အကွာရှိ Lewotobi Laki-laki မီးတောင်က နိုဝင်ဘာလ ၃ ရက်တွင် စတင်ပေါက်ကွဲခဲ့ခြင်းမှဖြစ်ပြီး ထပ်ခါထပ်ခါပေါက်ကွဲမှုများကြောင့် ပြီးခဲ့သည့်အပတ်များအတွင်း အနည်းဆုံးကိုးဦးသေဆုံးခဲ့ရသည်။ မီးတောင်က နိုဝင်ဘာလ ၁၂ ရက်တွင်မူ အကြိမ်များစွာ ပေါက်ကွဲမှု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

Lewotobi Laki-laki မီးတောင်၏ ယခုအကြိမ် ပေါက်ကွဲမှုတွင် ပြာများက ၁၀ ကီလိုမီတာ အမြင့်အထိ ရောက်ရှိခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ သဲသောင်မြေများဆိုလျှင် ပြာများဖြင့်ဖုံးလွှမ်းနေကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။

ဘာလီနိုင်ငံတကာလေဆိပ်ကမူ လေဆိပ်၏ အထက်လေထုအတွင်း မီးတောင်မှထွက်လာသော ပြာများ ရောက်ရှိ‌ခြင်း လုံးဝမရှိပါကြောင်းနှင့် လေဆိပ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေကြောင်း နိုဝင်ဘာလ ၁၃ ရက်တွင် ပြောခဲ့သည်။

နိုဝင်ဘာလ ၄ ရက်မှ ၁၂ ရက်အတွင်း ဘာလီကျွန်းသို့ လေကြောင်းပျံသန်းမှုခရီးစဉ် ၈၀ ကို ဖျက်သိမ်းခဲ့ရပြီးဖြစ်ကြောင်းလည်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံအတွင်း မီးတောင် ၁၃၀ နီးပါးခန့်ရှိပြီး မြေငလျင်လှုပ်ရှားမှု မကြာခဏဖြစ်နိုင်သော ဒေသဖြစ်သည့် ပစိဖိတ်ဒေသ၏ Ring of Fire လမ်းကြောင်းပေါ်တွင်လည်းတည်ရှိသည်။

Ref -Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *