November 14, 2024
photo_2024-11-13_14-48-44

၁၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေစာရင်းမှာ နံပါတ်တစ်နေရာမှာရှိနေတဲ့ SpaceX ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်ခ်(Elon Musk) နဲ့ သမ္မတလောင်းအဖြစ် ယခင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဗီဗက်ရာမာဆွာမီ(Vivek Ramaswamy) တို့နှစ်ဦးကို အသစ်ဖန်တီးမယ့် အစိုးရစွမ်းဆောင်ရည်ဌာနကို ဦးဆောင်ကြဖို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က နိုဝင်ဘာလ ၁၂ ရက်မှာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဌာနဟာ အမည်မှာတော့ အစိုးရဆိုတာပါနေပေမယ့် လက်တွေ့မှာ အစိုးရအဖွဲ့အစည်းဌာနတစ်ခုမဟုတ်ဘဲ အစိုးရအပြင်ဘက်ကနေ အိမ်ဖြူတော်ကို အကြံပေးမှုနဲ့ လမ်းညွှန်မှုတွေလုပ်ဆောင်မှာဖြစ်တယ်လို့ ထရန့်က သူ့ရဲ့‌ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ ဒီဌာနက စီမံခန့်ခွဲမှုနဲ့ ရသုံးမှန်းခြေရုံးနဲ့ ပူးပေါင်းပြီး အကြီးစားဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို ဦးစားပေးပြီး တစ်ခါမှမရှိခဲ့ဖူးတဲ့ အစိုးရစီကို စွန့်ဦးတီထွင် ချဉ်းကပ်မှုဖန်တီးပေးရေးကိုလည်း ဖန်တီးပေးမယ်လို့ ကြေညာချက်က ဆိုခဲ့ပါတယ်။ ဒါ့ပြင် ထရန့်က ဒီလုပ်ရပ်ကြောင့် အစိုးရစနစ်တွေကို တုန်လှုပ်စေလိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။

ဒါ့ပြင် အီလွန်မာ့စ်ခ်နဲ့ ဗီဗက် ရာမာဆွာမီတို့နှစ်ဦး ခေါင်းဆောင်မယ့် ဒီဌာနက အစိုးရအဖွဲ့ထဲမှာ ဗျူရိုကရေစီ ယန္တရားတည်ရှိနေတာကို ဖျက်သိမ်းဖို့၊ မလိုအပ်တဲ့စည်းမျဉ်းတွေကို လျှော့ချဖို့၊ ဖြုန်းတီးတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ဖို့နဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေပြန်ဖွဲ့ဖို့ ကျွန်တော့်အစိုးရကို လမ်းခင်းပေးမှာပါလို့လည်း ထရန့်က ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီဌာနအနေနဲ့ ဘယ်လိုလည်ပတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစိုးရကို အကြံပေးမယ့် ပြင်ပအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုလည်ပတ်ပြီး ပြည်သူလူထုကို ဘယ်လိုတာဝန်ခံမယ်ဆိုတာ ပြည်ထောင်စုအကြံပေးကော်မတီ အက်ဥပဒေအောက်မှာ ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ ဝန်ထမ်းတွေအနေနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးစီးပွားပဋိပက္ခတွေကို တားဆီးဖို့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ဖော်ထုတ်ဖို့လိုပါတယ်။ ဒါတွေကို အလုပ်နဲ့ ပတ်သက်တဲ့ သိသာထင်ရှားတဲ့ ပိုင်ဆိုင်မှုတွေကနေ ခွဲထုတ်ထားဖို့ လိုပါတယ်။ အီလွန်မာ့စ်ခ်နဲ့ ဗီဗက်တို့နှစ်ဦးကတော့ ပြည်ထောင်စုအစိုးရဝန်ထမ်းတွေအဖြစ် တရားဝင်တည်ရှိမှာမဟုတ်လို့ သူတို့အနေနဲ့တော့ ဒီလိုအပ်ချက်တွေ၊ ကျင့်ဝတ်ဆိုင်ရာကန့်သတ်ချက်တွေကို ရင်ဆိုင်ဖို့မရှိပါဘူး။

ဆက်လက်ပြီး ထရန့်က ဒီဌာနအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုလုံးရဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ စွမ်းဆောင်မှုဆိုင်ရာအရည်အသွေးစစ်ဆေးမှုတွေကို လုံးဝဆောင်ရွက်သွားနိုင်မယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးကြေညာချက်လက်မှတ်ရေးထိုးတဲ့ အနှစ် ၂၅၀ ပြည့်မြောက်တဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်မှာ ဒီဌာနရဲ့ လုပ်ငန်းတာဝန်တွေအဆုံးသတ်မှာဖြစ်ပြီး ပိုမိုသေးငယ်ပြီး ပိုမိုစွမ်းဆောင်ရည်ထိရောက်မယ့် အစိုးရတစ်ရပ်ကို ထိုနေ့မှာ ပြည်သူသို့လက်ဆောင်အဖြစ်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောခဲ့ပါတယ်။

ဗီဗက်ရာမာဆွာမီက ချမ်းသာကြွယ်ဝတဲ့ဇီဝနည်းပညာစွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းက ရီပတ်ဘလစ်ကန်ပါတီအတွက် အဆိုပြုခံရပါသေးတယ်။ ဒါပေမယ့် ယှဉ်ပြိုင်မှုကထွက်ပြီးနောက်မှာတော့ သူက ထရန့်ကိုပဲ ထောက်ခံခဲ့ပါတယ်။ အစိုးရအတွေ့အကြုံမရှိပေမယ့် အဖွဲ့အစည်းကဏ္ဍမှာ ကုန်ကျစရိတ်လျှော့ချဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။

အီလွန်မာ့စ်ခ်က အစိုးရအသုံးစရိတ်ကို ဒေါ်လာ နှစ် ထရီလျံ လျှော့ချဖို့ ရည်မှန်းတယ်ဆိုတာ အောက်တိုဘာလအတွင်းက သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။ ကျွမ်းကျင်သူတွေကတော့ လက်တွေ့ ကျကျ ပြောရရင် ဒီလျှော့ချမှုတွေက အထူးသဖြင့် Tesla၊ SpaceX၊ X နဲ့ Neuralink တို့လို မာ့စ်ခ်ရဲ့ ကုမ္ပဏီအသိုက်အဝန်းကို ကန့်သတ်ထိန်းချုပ်တာတွေက လွတ်မြောက်စေတာနဲ့ မူဝါဒအပြောင်းအလဲတွေ အပေါ် တိုက်ရိုက်သက်ရောက်မှုရှိမယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *