November 14, 2024
NUG

၁၃. ၁၁. ၂၀၂၄
Written by Nay Moe

အဂတိလိုက်စားမှုတွေ၊ စာရင်းမရှင်းလင်းနိုင်မှုတွေကြောင့် နာမည်ပျက်နေရတဲ့ NUG ဟာ ထောက်ပို့တပ်သားလို့ သူတို့သုံးနှုန်းတဲ့ PRF တွေဆီကနေ လစဉ် ဒေါ်လာ ၈ သိန်းခန့်ရနေပြီး ဒီထောက်ပံ့ငွေကနေ PDF တပ်ရင်းတွေဆီ တစ်ကြိမ်ထောက်ပံ့ရင် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ နေဘုန်းလတ်က မနေ့က Press Briefing မှာ ထုတ်ဖော်ပြောလိုက်ပေမဲ့လည်း ဒီထောက်ပံ့မှုတွေမှာ ဒေါ်လာသိန်းချီ (ကျပ်ငွေ သိန်းသောင်းချီ) ကွာဟနေတယ်ဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

“PRF – People’s Revolution Supply Family ရဲ့ ထောက်ပို့တပ်သားတွေဆီကနေ ရရှိတဲ့ငွေတွေကို တပ်ရင်းတွေရဲ့ ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိကအသုံးပြုပါတယ်။ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေအသုံးစရိတ်တွေကို ပို့ရာမှာလည်း လစဉ်ပို့ဆောင်တာမျိုးမဟုတ်ဘဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တစ်ကြိမ်ပို့ဆောင်တာမျိုး လုပ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တစ်ကြိမ်ပို့မယ်ဆိုရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကျသင့်ပါတယ်။ PRF ကနေ ပြီးခဲ့တဲ့ တစ်နှစ်စာအတွင်း အကျဉ်းချုပ်ကို ကြည့်ရင် တစ်လပျမ်းမျှ ဒေါ်လာ ၈ သိန်းနီးပါး ရရှိတာကြောင့် PRE အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ လိုငွေကို ပြည်ထောင်စုဘတ်ဂျက်က ဖြည့်ပါတယ်။ ပြည်ထောင်စုဘတ်ဂျက်ဟာ ရိက္ခာ၊ အထွေထွေ အသုံးစရိတ်တွေအပြင် အခြားသော အရေးကြီးကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်တာကြောင့်လည်း PRF မှာ ထောက်ပို့တပ်သားတွေ အရေးတကြီးလိုအပ်နေတာယ်” လို့ နေဘုန်းလတ်က ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ (Press Briefing) အစီအစဉ်မှာ ဖွင့်ဟတောင်းခံလာတာပါ။

NUG ဟာ PDF တပ်ရင်း ဘယ်နှစ်ခုရှိတယ်ဆိုတာ ထုတ်မပြောပေမဲ့ လက်ရှိကာလမှာ ၃၀၀ နဲ့ ၃၅၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး ဒီတပ်ရင်းတွေကိုလည်း တစ်ကြိမ်ထောက်ပံ့ရင် ကျပ်သိန်း ၈၀ ဝန်းကျင်သာရှိတယ်လို့ နားလည်ထားကြသလို ပြည်တွင်းဒေါ်လာစျေးက ၄၅၃၀ ခန့်သာရှိပြီး NUG Pay က ငွေစျေးမှာတော့ ကျပ် ၄၆၅၀ ဖြစ်နေတာကြောင့် နေဘုန်းလတ်ရဲ့ သတင်းတွေအောက်မှာ PDF တွေဆီက တစ်လရတဲ့ ဒေါ်လာ ၈ သိန်းကို ကျပ် ၄၅၀၀ နဲ့ စားရင် တပ်ရင်းတစ်ရင်း ၁၇၇၇ ဒေါ်လာရမှာဖြစ်ပြီး ဒီဒေါ်လာ ၁၈၀၀ ကို တပ်ရင်း ၃၅၀ နဲ့ မြှောက်ရင်တောင်မှ ဒေါ်လာ ၆ သိန်း ၃ သောင်းသာရှိသလို PRF က အောက်တိုဘာအတွက် ဒေါ်လာ ၇၃၈၄၂၇ ရလို့ ဒေါ်လာ ၁ သိန်းကျော်ပိုနေချိန်မှာ ဘာကြောင့်မလောက်တာလဲလို့ PRF တွေလှူဖို့ စည်းရုံးပေးသူ Thandar Tabiando အကောင့်ပိုင်ရှင်က မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် PDF ထောက်ခံသတင်းတွေ အဆက်မပြတ်တင်ထားသူ Aung Soe Myint အကောင့်ပိုင်ရှင်ကလည်း ဒေါ်လာ ၁ သန်းကို ပြည်တွင်းပေါက်စျေးထက်နိမ့်တဲ့ တစ်ဒေါ်လာ ကျပ် ၄၀၀၀ နဲ့ မြှောက်ရင် သိန်း လေးသောင်းရပြီး ဒီ သိန်း ၄၀၀၀၀ ကို တပ်ရင်း ၃၅၀ ထံ တစ်ရင်း သိန်း ၈၀ ပို့ရင် သိန်း ၂၈၀၀၀ ပဲ ကုန်မှာဖြစ်လို့ သိန်း ၁၂၀၀၀ ကျော်ပျောက်နေပြီး ဒီလိုလျှော့ တွက်ထားတာတောင် ပျောက်နေတာက ခိုးတာပဲလို့ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် NUG ဟာ ရက် ၄၀၊ ရက် ၅၀ မှ တစ်ကြိမ်ထောက်ပံ့တာသာဖြစ်လို့ ပျမ်းမျှထောက်ပံ့မှုက တစ်နှစ်မှ ၉ ကြိမ်ခန့်သာရှိနိုင်ပြီး PRF တွေဆီက တစ်လ ဒေါ်လာ ၈ သိန်းရတယ်လို့ တွက်ဆမယ်ဆိုရင်တောင် တစ်နှစ်ဒေါ်လာ ၉ ဒသမ ၆ သန်းကျော်ရနိုင်တာဖြစ်လို့ PDF တွေဆီ တစ်ကြိမ် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့လည်း မလောက်ငစရာမရှိဘူးလို့ ပြည်တွင်း နိုင်ငံရေးလေ့လာသူတစ်ဦးက တွက်ဆပြပါတယ်။

CRPH၊ NUG က တာဝန်ရှိသူတွေဟာ ပြည်ပနဲ့ နယ်စပ်ကို ခြေလွတ်လက်လွတ်ပြေးခဲ့ကြပေမဲ့လည်း ကမ္ဘာတစ်ဝန်းရောက် မြန်မာတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေက တော်လှန်ရေးခေါင်းစဥ်အောက်မှာ ဒေါ်လာသန်းရာချီ လှူကြတဲ့အချိန် ဒီ တော်လှန်ရေးအလှူငွေတွေကို NUG ဝန်ကြီးဆိုသူတွေက ပြည်ပမှာ မိသားစုလိုက်အခြေချနေထိုင်တာမျိုးမှာ ကိုယ်ကျိုးသုံးကြတာတွေ လက်ရှိမှာ မြင်ခဲ့ရသလို CRPH အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းက ဒေါ်လာသန်းချီ သုံးစွဲပြီး ဖြေရှင်းချက်မပေးတာ၊ ထိုင်းနိုင်ငံမှာ ဇိမ်ခံအိမ်တွေ၊ မယားငယ်တွေနဲ့နေတယ်လို့ သတင်းထွက်တဲ့ NUG ဝန်ကြီးဦးလွင်ကိုလတ်၊ တန်ဖိုးကြီးအရက်သေ စာသောက်စားတတ်တယ်ဆိုတဲ့ NUG ဝန်ကြီးဦးရည်မွန်၊ ဘားတွေဖွင့် စီးပွားရှာတဲ့ NUG ဒုဝန်ကြီးဦးကျော်နီ၊ မျက်နှာအလှပြင်၊ နှာခေါင်းခွဲစိတ်တဲ့ NUG ဒုဝန်ကြီးအိသဉ္ဇာမောင် စတဲ့ NUG က ထိပ်ပိုင်းလူတွေရဲ့ အလှူငွေကိုယ်ကျိုးသုံး အဂတိကျုးလွန်မှုတွေကို တော်လှန်ရေးအသိုင်းအဝိုင်းကပဲ ဖော်ထုတ်ခဲ့ကြအပြီးမှာ NUG အစိုးရအဖွဲ့ဝင်ဆိုသူတွေရဲ့ အဂတိမှုကို စောင့်ကြည့်မယ်ဆိုတဲ့ Anti- Corruption Taskforce (ACT) အဖွဲ့ဟာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ ဖွဲ့စည်းထွက်ပေါ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *