◾️ ပြည်ထောင်စုလမ်းမကြီး မဖွင့်လှစ်နိုင်ချိန်အထိ ကုန်စည်စီးဆင်းမှုမှာ တရားမဝင်အဖြစ်သာရှိနေမည်ဟု သုံးသပ်
၁၃. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်မြို့၊ မန်ဝိန်းနယ်စပ်ဂိတ်တွင် တရုတ်ဘက်မှ တရားဝင်အခွန်ဆောင်မှုဖြင့် ခွင့်ပြုပေးထားမှုအပေါ် လက်ရှိတွင် မြန်မာဘက်မှ တုံ့ပြန်ပြောဆိုမှုများ မရှိသေးသော်လည်း ညှိနှိုင်းမှုများဆောင်ရွက်ပြီးစီးပါက ယခုထက် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ်သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
“ပုံမှန်ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ပေါ့။ အခုက သုံးဘီးဆိုင်ကယ်နဲ့ထုတ်တယ်။ ဆိုင်ကယ်နဲ့ ထုတ်တယ်။ အဲဒီလိုပေါ့။ အဲဒါတွေ အစားကို အဲဒီနေရာမှာက ဟင်းရွက်ဟင်းသီးနဲ့ စားသောက်ကုန်ပဲ ပေးတော့မယ်ပေါ့။ ဒါပေမဲ့ တရုတ်ဘက်က ကမ်းလှမ်းတဲ့ပုံကတော့ တရားဝင် ဟိုဘက်က မန်ဝိန်းပေါက်ကနေ အခွန်ဆောင်ပေါ့။ တရုတ်ကတော့ အခွန်ဆောင်ဖို့ ခွင့်ပြုတယ်ပေါ့။ ဒါပေမဲ့ လက်ရှိအထိတော့ မြန်မာအစိုးရရဲ့ ပြန်ပြီး တုံ့ပြန်ပြောဆိုတာတော့ သေချာမရှိသေးဘူး။ မနေ့က ရွှေလီမှာ အစည်းအဝေး လုပ်တယ်လို့ကြားတယ်။ ဒီဘက်က ကုန်သွယ်ရေးညွှန်မှူးတွေ၊ အကောက်ခွန်ဌာနတွေတော့ သွားတယ်လို့ သိရတယ်” ဟု မြန်မာ-တရုတ်နယ်စပ်ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် အခွန်ဆောင်ကာ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းသည် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ ကြီးစိုးထားသည့် ရှမ်းမြောက်ဒေသကို ဖြတ်သန်းရမည်ဖြစ်၍ အခွန်ပေးဆောင်ရမှုအပိုင်း၌ အခက်အခဲများရှိနေသေးကြောင်း သိရသည်။
“တရုတ်ကတော့ တရားဝင်ကမ်းလှမ်းလာပြီပေါ့။ အခွန်ဆောင်ပြီးတော့ ထုတ်ပါပေါ့။ မြန်မာဘက်က အဆင်ပြေတာနဲ့ အဆင်ပြေမှာ။ လက်ရှိမှာက တရုတ်ဘက်က အခွန်ဆောင်ပြီးထွက်တဲ့အချိန်မှာ။ မြောက်ပိုင်းကို ဖြတ်ရမှာ။ အဲဒီနေရာက မဟာမိတ်ကြီးစိုးထားတဲ့နေရာဆိုတော့ သူတို့ကလည်း ဥပမာ မူဆယ်ကနေ သွင်းလာပြီဆိုရင် ဆိုင်ကယ်တစ်စီးသွင်းပြီ၊ နိုင်ငံတော်အစိုးရအနေနဲ့က အခွန်တစ်သိန်းပေါ့။ ဒီဘက်မှာက မဟာမိတ်ကလည်း အခွန်ပေးရဦးမှာ။ အဲဒီတော့ ဖြတ်သွားဖြတ်လာနဲ့ ကျွန်တော်တို့က ပြည်ထောင်စုလမ်းမကြီး မပွင့်သရွေ့ကတော့ ကုန်စည်စီးဆင်းမှုကတော့ ဒီတရားမဝင်လောက်ပဲဖြစ်ဦးမှာ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း မြန်မာ-တရုတ်နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် မြန်မာဘက်ခြမ်းတွင်လည်း ညှိနှိုင်းမှုများ အဆင်ပြေလာမည်ဆိုပါက နယ်စပ်ကုန်သွယ်မှုသည် လက်ရှိအခြေအနေထက် ပြောင်းလဲတိုးတက်လာမည်ဖြစ်ကြောင်း နယ်စပ်လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
“ပြောင်းလဲလာမှာကိုတော့ သိတယ်။ ကျွန်တော်တို့လည်း အဲဒါတွေကတော့ ပြောလည်းမပြောချင်ပါဘူး။ အခုရက်ပိုင်းမှာတော့ မဟာမိတ်က ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အခွန်ထုတ်ပေးမယ်လို့တော့ အသံတော့ထွက်လာတယ်။ အဲဒါဆိုရင်တော့ စီးပွားရေးအခွင့်အလမ်း နည်းနည်းပွင့်လာမှာပေါ့” ဟု မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာ-တရုတ်နယ်စပ်မှာရှိသည့် ကျယ်ဂေါင်မြို့မှ ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းများအားလုံးကို နိုဝင်ဘာလ ၁၁ ရက်မှ စတင်ကာ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကသာ ဝင်ထွက်ရမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း စသည်ဖြင့် ကုန်စည်များကို ဖြတ်သန်းသွားလာခွင့်မပြုသော လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံအတွင်းသို့ သယ်ဆောင်ခွင့်မပြုတော့ကြောင်းနှင့် ကျယ်ဂေါင်မြို့မှ ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းများအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့်သာ ဝင်ထွက်ရမည်ကာ အဆိုပါသတ်မှတ်ချက်မှာ နိုဝင်ဘာ ၁၁ ရက် ပေကျင်းစံတော်ချိန် ၈ နာရီမှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရဂိတ်ဆိုင်ရာရုံးခန်းက ထုတ်ပြန်ခဲ့သည်။
တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို သောင်းကြမ်းသူ အကြမ်းဖက်လက်နက်ကိုင်များအဖြစ် သတ်မှတ်ထားသည့် KIA ၊ TNLA ၊ MNDAA တို့က တိုက်ခိုက်သိမ်းယူပြီးနောက် တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များ ပိတ်ကာ ကုန်ပစ္စည်းအဝင်အထွက် တင်းကျပ်လာခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ တင်ပို့မည့် တရုတ်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုတင်းကျပ်နေသဖြင့် ရှမ်းမြောက်ဒေသ၌ လက်ရှိတွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများ နှစ်ဆအထိ ထပ်မံမြင့်တက်နေကြောင်း မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
ယင်းကဲ့သို့ တင်းကျပ်မှုများအပြီး ကျယ်ဂေါင်မြို့ မန်ဝိန်းဂိတ်ကို တရားဝင်အခွန်ဆောင်မှုဖြင့် ပြန်လည်ခွင့်ပြုပေးခဲ့ပြီးဖြစ်သလို အဆိုပါ နယ်စပ်ဂိတ်များသည် နှစ်နိုင်ငံအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ တည်ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေး ကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီချန်က SAC ဥက္ကဋ္ဌနှင့် နိုဝင်ဘာ ၆ ရက်တွင် တွေ့ဆုံစဉ် ပြောကြားထားသည်။