November 14, 2024
photo_2024-11-13_12-41-28

၁၃.၁၁.၂ဝ၂၄
Written by K Pyay Thein

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ တည်ရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်‌သူတွေ နေ့စဉ်ပုံမှန်လာရောက်ဖူးမြော်နေကြပြီး နယ်မြေဒေသ အခြေအနေတွေကလည်း အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကျိုက်ထီးရိုးတောင်တန်းဒေသမှာနေထိုင်ကြသူတွေက ပြောပါတယ်။

“ဘုရားဖူးတွေက ပုံမှန်လာနေကြတာပဲလေ။ ပြီးခဲ့တဲ့သီတင်းကျွတ်မှာဆို အတော်လေးစည်တယ်။ ဘုရားဖူးတွေ အတော်အများအပြားလာကြတာ တွေ့ရတယ်။ ကျိုက်ထီးရိုးရဲ့ ခရီးသွားလုပ်ငန်းတွေကလည်း ပုံမှန်ပါပဲ။ Express ကားတွေလည်းပြေးနေသလို တောင်တက်ကားတွေလည်း ပြေးဆွဲပေးနေပါတယ်။ တောင်ပေါ်မှာရှိတဲ့ တည်းခိုရိပ်သာတွေ ဟိုတယ်တွေ စားသောက်ဆိုင်တွေလည်း အကုန်လုံးဖွင့်ထားပေးပါတယ်။ ဘုရားဖူးတွေက လာကြပါတယ်။ အခုတန်ဆောင်တိုင်ရက်မှာဆို ဆီမီးထွန်းပွဲလည်းရှိ‌နေတော့ တောင်ပေါ်မှာ ပိုစည်ကားမယ်လို့ထင်ပါတယ်။ နယ်မြေဒေသကလည်း အေးအေးချမ်းချမ်းရှိပါတယ်”လို့ ကျိုက်ထီးရိုးတောင်တန်းဒေသမှာ သီတင်းသုံးနေထိုင်တဲ့ ဆရာတော်တစ်ပါးက MT News ကို မိန့်ကြားပါတယ်။

ကိုဗစ်ကာလနောက်ပိုင်း ပြီးခဲ့တဲ့နှစ်ပိုင်း‌တွေကစလို့ ကျိုက်ထီးရိုးတောင်တန်းဒေသရဲ့ ခရီးသွားလုပ်ငန်းတွေဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လုပ်ကိုင်လာနိုင်ကြပြီး ယခုကာလမှာ ပြည်တွင်းရော ပြည်ပက ခရီးသွားဧည့်သည်တွေပါ လာရောက်နေကြတာဖြစ်တယ်လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေကစလို့ ကျိုက်ထီးရိုးမှာ ပြန်စည်လာတယ်လို့ ပြောရင်ရပါတယ်။ ဘုရားဖူးတွေက သူ့ဟာနဲ့သူတော့ လာနေကြတာပါပဲ။ ပြည်တွင်းဘုရားဖူးကတော့ ပိုများတာပေါ့။ ပြည်ပနိုင်ငံခြားသားဧည့်သည်တွေလည်း တွေ့ရပါတယ်။ ပြည်ပဧည့်သည်ဆို တရုတ်လာတယ်၊ ကိုရီးယားလာတယ်၊ ဂျပန်ဧည့်သည်တွေ တွေ့ရတယ်။ အာရှဘက်က တော်တော်များများလာကြပါတယ်။ ကိုဗစ်ကာလတုန်းကဆို ငုပ်တုတ်လေ။ အကုန်ထိုင်နေရတာ။ အခုတော့ ဘုရားဖူး‌တွေလာကြတော့ လုပ်ငန်းတွေလည်း အတော်လေးပြန်ပြီး အဆင်ပြေလာတယ်။ ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်လို့ရနေပါပြီ”လို့ ကျိုက်ထီးရိုးဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆက်ပြီး ပြောပြခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ PDF အဖွဲ့တစ်ခုက သွားရောက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်ထဲမှာပါဝင်ခဲ့တဲ့ ကျိုက်ထီးရိုးဘုရားဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ မဟုတ်ဘဲ ကျိုက်ထီးရိုးနဲ့ ပုံစံတူစေတီငယ်တစ်ဆူသာဖြစ်တယ်လို့ ကျိုက်ထီးရိုးတောင်တန်းဒေသမှာရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။

“အခု PDF တွေသွားရောက်ခဲ့တယ်ဆိုတဲ့ ကျိုက်ထီးရိုးပုံစံတူစေတီတော်ဟာ မြဝတီမြို့မှာရှိတဲ့ ပုံစံတူစေတီပဲဖြစ်ဖို့များတယ်လို့ ယူဆရပါတယ်။ ဘုန်းဘုန်းတို့က အဲ့လိုယူဆထားပါတယ်။ သူတို့သွားရောက်ဖူးခဲ့တာက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ လုံးလုံးမဟုတ်ပါဘူး။ ကျိုက်ထီးရိုးနဲ့ ပုံစံတူစေတီတစ်ဆူပဲဖြစ်ပါတယ်”လို့ ကျိုက်ထီးရိုးတောင်တန်းဒေသ ဆရာတော်တစ်ပါးကဆက်လက် မိန့်ကြားပါတယ်။

လက်ရှိမှာ ကျိုက်ထီးရိုးတောင်တန်းဒေသဟာ အေးချမ်းတည်ငြိမ်စွာရှိနေတဲ့အတွက် ဘုရားဖူးပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်မရှိဘဲ လာရောက်ဖူးမြော်နိုင်တယ်လို့လည်း ကျိုက်ထီးရိုးတောင်တန်း‌ ဒေသက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဖိတ်ခေါ်ထားပါတယ်။

Photo – CJ

#ကျိုက်ထီးရိုးတောင်တန်းဒေသ #ကျိုက်ထိုမြို့ #ခရီးသွားလုပ်ငန်း #ဘုရားဖူးပြည်သူ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *