November 14, 2024
photo_2024-11-13_12-29-11

၁၃. ၁၁. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်သို့ ထိုင်းဘတ် ၁၄ ဒသမ ၅၂၂ သန်း ထပ်မံရောင်းချပေးခဲ့၍ ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ထိုင်းဘတ်များကို ဆက်တိုက်ထုတ်ရောင်းပေးနေကြောင်း နိုဝင်ဘာလ ၁၂ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ယခု နိုဝင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို ခုနစ်ကြိမ်ထုတ်ရောင်းပေးခဲ့ရာ နိုဝင်ဘာလ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်းဖြင့် တစ်ကြိမ်သာ ထုတ်ရောင်းပေးခဲ့သည်။ သို့သော် ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ အဆိုပါ ခုနစ်ကြိမ်အတွင်း ထိုင်းဘတ် ၁၇၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၂ သန်းကျော် ထုတ်ရောင်းပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ သုံးလခွဲအတွင်း ဒေါ်လာ ၂၅၆ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၁ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာခဲ့၍ ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ဒေါ်လာဈေးနှုန်းအား ကျပ် ၁၀,၀၀၀ နှင့် ရွှေဈေးနှုန်းအား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်နေမှုများရှိသော်လည်း ရွှေစျေးမှာလည်း ကျပ် သိန်း ၆၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့သလို ယနေ့တွင် ပြည်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၅၃၀၊ တစ်ဘတ် ၁၃၀ ကျပ်နှင့် တစ်ယွမ် ၆၃၀ ကျပ်တို့ဖြင့် နိုင်ငံခြားငွေဈေးနှုန်းများ အကျစျေးတွင် တည်ငြိမ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *