October 18, 2024

၅ . ၁. ၂၀၂၃
Written By Thandar

ယောကျ်ားတွေ မကောင်းကြောင်းရေးထားတဲ့“ရှောင်” တေးသီချင်းကြောင့် Facebook နဲ့ Page ထိခိုက်ခဲ့ရသလို ဒီလောက်အထိ အကြီးအကျယ် ဂယက်ရိုက်မယ် ထင်မထားဘူးလို့ တေးသံရှင် နိုရာက M T News ကို ပြောပါတယ်။

“ညီမအနေနဲ့ အရင်ထွက်ပြီးသား ခင်ခင်ထား၊ အာ၀ါဟ စတဲ့သီချင်းတွေနဲ့ မတူချင်လို့ လုပ်လိုက်တာပါ။ မြန်မာမှုဘက်ကိုလည်း မသွားချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် Challenge ပုံစံလုပ်ချင်တာနဲ့ အထိမခံတဲ့ စကားလုံး ဆိုတော့ လှုပ်လှုပ်ခတ်ခတ်များ ဖြစ်သွားမလားလို့ ထုတ်လိုက်တာပါ။ တကယ်တော့ ၂၀၂၁ ခုနှစ်လောက်ကတည်းက ရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ နိုရာထင်တာကတော့ မိန်းကလေးအများစုကတော့ ကြိုက်လိမ့်မယ်။ ယောက်ျားတွေက ဟာသပုံစံလေးသတ်မှတ်ကြမယ်။ တကယ်တော့သီချင်းထွက်သွားတော့ မိန်းကလေး အများစုက ဝက်ဝက်ကွဲထောက်ခံတယ်။ ဒါပေမယ့် နိုရာတို့ YouTube ၊ Tik Tok စတဲ့နေရာမှာ ယောက်ျားလေးအများစုရဲ့ Comment တွေ ပိုများနေတယ်။ ဒေါသထွက်တဲ့ ယောက်ျားလေးတစ်စုရှိတယ်။ သီချင်းစာသား တချို့ကြောင့် ‌ဝေဖန်ခံခဲ့ရတယ်။ Facebook က အခုထိ Has Been Lock နဲ့ Page တင်တာဖျက်ချမယ်လို့ သတိပေးခံနေရတယ်။ ရှောင် သီချင်းက အကြီးအကျယ် ဂယက်ရိုက်သွားတယ်။ နိုရာ့ သီချင်းယူ တင်တဲ့ Page မှန်သမျှ Has Been လုပ်ခံရတယ်”လို့ တေးသံရှင် နိုရာက ပြောပါတယ်။

မြန်မာသံစဥ်ရော ခေတ်ပေါ်တေးသီချင်းတွေကိုပါ သီဆိုထားတဲ့ တေးသံရှင် နိုရာကတော့ လက်ရှိ ရှောင် သီချင်းကြောင့် ယောက်ျားထုတစ်ချို့ မုန်းတာခံခဲ့ရတယ်လို့ သိရပါတယ်။ သူမကတော့ ပရိသတ်တွေ အတွက် ခင်ခင်ထား ၊ အာ၀ါဟ ၊ကျဆိမ့် ၊ကျေနပ်ပါတယ် ၊In a Silent Relationship ၊Just Friend ၊ခိုးရာလိုက်မယ် ၊Single Pro Max-Nora ၊ပါတိတ်နဲ့ ချာတိတ် ၊ဦးရဲ့ကလေး မောင်လေးရဲ့ မမ စတဲ့သီချင်းတွေလည်း ထွက်ရှိထားသူ ဖြစ်ပါတယ်။

ရှောင် တေးသီချင်းကိုတော့ လက်ရှိ YouTube ၊ Tik Tok တွေမှာ ပရိသတ်တွေ ဝင်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်။  နိုရာ့အနေနဲ့ မိမိစိတ်ကြိုက် တေးသီချင်းတွေကိုမှ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေမယ့် တေးသီချင်းတွေထက် ပရိသတ်အများစုလက်ခံနိုင်မယ် သီချင်းတွေပဲ ဖန်တီးသွားမယ်လို့ သိရပါတယ်။

“အစတည်းက အနုပညာရှင်တစ်ယောက်ဖြစ်ရင် ဝေဖန်ခံနိုင်ရမှာက သိထားပြီးသားပါ။ ဒီတစ်ခါတော့ စိတ်ထဲမှာ တစ်ခုတော့ ဖြစ်တယ်။ အသစ်ထွင်ပြတာကို လက်မခံနိုင်ကြဘူး။ ဘယ်အရာက Turn ဖြစ်လဲ။ ဘယ်အရာကိုထောက်ပြရင် ပရိသတ်ပို သဘောကျမလဲ။ သူများအကြိုက်ဆိုတာထက် နိုရာ့အကြိုက်လုပ်လိုက်တယ်။ သီချင်းစာသားပိုင်း အားလုံး အကုန်ကျခံဖန်တီးထားတာပါ။ ပရိသတ်က ကြိုက်တဲ့သူတွေရှိသလို မကြိုက်တာလည်း ရှိပါတယ်။ တချို့က Personal Attack ပါလာတော့ တော်တော်လန့်သွားခဲ့တယ်။ လက်ရှိအချိန်မှာ သင်ခန်းစာလည်း နိုရာယူဖြစ်ပါတယ်” လို့ သူမကဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *