၁၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း၊ ဇူဟိုင်း(Zhuhai) မြို့၏ အားကစားစခန်းတစ်ခုတွင် ကိုယ်လက်လေ့ကျင့်ရေးပြုလုပ်နေကြသော လူအုပ်အတွင်းသို့ မော်တော်ယာဉ်တစ်စီးက နိုဝင်ဘာလ ၁၁ ရက် ညတွင် အရှိန်ဖြင့် ဝင်ရောက်တိုက်မိခဲ့ရာ လူ ၃၅ ဦးသေဆုံး၍ အနည်းဆုံး ၄၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့က ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟုပြောခဲ့ပြီးနောက် နိုဝင်ဘာလ ၁၂ ရက်၌မူ သေဆုံးသူဦးရေမှာ သိသိသာသာ မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။ အသက် ၆၂ နှစ်ရှိ Fan ဟုသိရသော လူတစ်ဦးက ၎င်း၏ SUV ကားဖြင့် ဂိတ်ဝကိုဖြတ်၍ အားကစားစခန်းအတွင်းသို့ မောင်းနှင်လာစဉ် လမ်းများပေါ် လေ့ကျင့်မှုများပြုလုပ်နေသော လူအုပ်အတွင်းသို့ ဝင်တိုက်မိခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ရှေးဦးစုံစမ်းချက်များအရ Fan မှာ အိမ်ထောင်ကွဲမှုဖြစ်ခဲ့ပြီးနောက် အိမ်ခြံမြေခွဲခြားရယူရာတွင် မကျေမနပ်ဖြစ်နေခြင်းက ထိုယာဉ်တိုက်မှုကို ဖြစ်စေခြင်းဟုဆိုကြသည်။ နိုဝင်ဘာလ ၁၁ ရက်ညက ယာဉ်တိုက်မှုဖြစ်အပြီး ရိုက်ကူးထားသော ဗီဒီယိုတွင် လူအများအပြားလမ်းပေါ်တွင် မလှုပ်မယှက်လဲကျနေသည်ကိုတွေ့ကြရပြီး အချို့ကို အသက်ပြန်လည်ရှုလာနိုင်စေရန် ရှေးဦးသူနာပြုနည်းများဖြင့် ဆောင်ရွက်ပေးနေသည်ကို တွေ့ကြရသည်။
မျက်မြင်တွေ့ရှိသူတစ်ဦးက အားကစားစခန်းပတ်လည်တွင် ထိုသို့ လမ်းလျှောက်လေ့ကျင့်မှုပြုလုပ်သည့် လူအစုအဝေးများကို နေ့စဉ်ပင်တွေ့နေကျဟု ပြောခဲ့သည်။ ၎င်းမှာလည်း အားကစားစခန်းကို တတိယမြောက်ပတ်၍ လမ်းလျှောက်လာစဉ် ကားတစ်စီးက အရှိန်ပြင်းစွာဖြင့် လူအုပ်အတွင်းသို့ ရုတ်တရက် မောင်းဝင်ခဲ့ရာ လူအများအပြားတိုက်မိပြီး လဲကျခဲ့ကြောင်း၊ ၎င်းဆိုလျှင်လည်း ဘေးသို့ခုန်ထွက်နိုင်ခဲ့၍ လွတ်မြောက်ခဲ့ရကြောင်း ပြောခဲ့သည်။
Fan ကို ၎င်း၏ကားအတွင်း၌ပင် ၎င်းကိုယ်၎င်း ဓားတစ်ချောင်းဖြင့် ထိုးနှက်မှုကြောင့် လည်ပင်းနှင့်ခန္ဓာကိုယ် အခြားနေရာများတွင် ဒဏ်ရာများရလျက် မေ့မြောကာ ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ခြင်းဟုလည်း ပြောခဲ့သည်။ ၎င်းအား ရဲတပ်ဖွဲ့ကတွေ့ရှိချိန်တွင် စစ်ဆေးမေးမြန်းနိုင်သည့်အခြေအနေတွင်မရှိဟုလည်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
Ref- CNA