◾️ ကထိန်ပဒေသာပင် ၉၀ အပါအဝင် စုစုပေါင်းကျပ်သိန်း ၂,၄၀၀ ကျော် လှူဒါန်း
၁၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့တွင် ဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့သည်။
SAC ဥက္ကဋ္ဌက အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြခဲ့ကာ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစု မဟာဘုံကထိန်အလှူတော်အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များအား နိုဝင်ဘာ ၁၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင်စုစုပေါင်းအပင် ၉၀ ၊ ပစ္စည်းတန်ဖိုးငွေကျပ် ၁၃၆,၂၉၃,၃၉၅ နှင့် ငွေသားတန်ဖိုးငွေကျပ် ၁၀၆,၉၈၅,၀၁၀ ဖြစ်သဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၃,၂၇၈,၄၀၅ ဖိုး လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။