၁၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
ရွှေလုပ်ငန်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်လျှောက်ထားနိုင်ပြီး လိုင်စင်လျှောက်ထားခြင်းကာလမှာ စတင်လျှောက်ထားသည့်နေ့မှ သုံးလအတွင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ယနေ့တွင် အသိပေးကြေညာထားသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်း လုပ်ငန်းတွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှေက်ထားရာတွင် လူပုဂ္ဂိုလ်အနေဖြင့် လျှောက်ထားပါက လုပ်ငန်းလိုင်စင်လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ(၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ကိုယ်ရေးအချက်အလက် တင်ပြရမည်ဖြစ်သည်။
ကုမ္ပဏီအမည်ဖြင့် လျှောက်ထားပါက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီ၏အချက်အလက်များ (Company Extract)၊ လက်မှတ်ရေးထိုးမှုပါဝင်သည့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များစာရင်းနှင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ သက်ဆိုင်ရာလျှောက်လွှာပုံစံပါ လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း(Bank Statement)၊ တစ်လအတွင်း အများဆုံးရွှေရောင်းဝယ်မှု ပြုလုပ်နိုင်သည့်ပမာဏ (ပိဿာ၊ ကျပ်သား သို့မဟုတ် ဂရမ်၊ ထရိုင်အောင်စ)ဖြင့် ဖော်ပြပေးရမည်ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာရွှေလုပ်ငန်းရှင်များအသင်းများ၏ အသင်းဝင်မှန်ကန်ကြောင်း ထောက်ခံချက်၊ လျှောက်လွှာတွင်ဖြည့်သွင်းသည့် လက်ရှိနေရပ်လိပ်စာတွင် အမှန်တကယ် နေထိုင်လျက်ရှိကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်များကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။
ယင်းအပြင် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်(ရှိလျှင်)၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာမည်ဖြစ်ကြောင်း ကာယကံရှင်၏ ဝန်ခံကတိပြုချက်တို့ဖော်ပြရမည်ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံသူများအနေဖြင့် ယခု နိုဝင်ဘာလ ၁၈ ရက်မှစတင် လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားခြင်းကာလမှာ စတင်လျှောက်သည့်နေ့မှ (၃)လအတွင်း ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ ထပ်မံသိရှိလိုသူများအနေဖြင့် ရုံးအဖွဲ့မှူး ဖုန်းနံပါတ်- ၀၉-၈၈၀၀၀၂၀၅၂ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေး ကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းနှင့် လုပ်ငန်းများကို ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ရာတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စသည်တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေကျပ် ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရနိုင်ကြောင်း သိရပြီး ယခုကဲ့သို့ ရွှေကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ရွှေစျေးကစားသူများ ဖမ်းမိပါက အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးခြင်း ခံရမည်ဖြစ်သည်။