၅. ၁. ၂၀၂၃
Written by Pan Ei
ဥရောပသမဂ္ဂ၏ ကိုယ်ရေးကိုယ်တာစည်းမျဉ်း ထိန်းချုပ်သူတစ်ဦးက ဖေ့စ်ဘွတ် နှင့် အင်စတာဂရမ်၏ မိခင်ကုမ္ပဏီဖြစ်သော Metaကို သုံးစွဲသူများအား ၎င်းတို့၏ အွန်လိုင်းသုံးစွဲမှုများအပေါ် အခြေခံ၍ ကြော်ငြာများ လက်ခံရယူရန် တရားမဝင် အတင်းအကြပ် ဖိအားပေးနေသည်ဟု စွပ်စွဲကာ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၄ရက်) တွင် ဒေါ်လာ သန်း ၄၀၀ ကျော် ဒဏ်ငွေရိုက်ခဲ့သည်။
Meta ကုမ္ပဏီ၏ တရားဝင်ချမှတ်ထားသော ဝန်ဆောင်မှုစည်းမျဉ်းများအတွင်း သုံးစွဲသူများအား ပစ်မှတ်ထားသော ကြော်ငြာများကို လက်ခံရန် တွန်းအားပေးမှုများ ပါဝင်သောကြောင့် အိုင်ယာလန်၏ အချက်အလက်ကာကွယ်ရေးကော်မရှင်၏ စည်းမျဉ်း ဥပဒေအရ ကုမ္ပဏီအား ယူရိုသန်း ၃၉၀ (ဒေါ်လာ ၄၁၄ သန်း) ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဝန်ဆောင်မှုစည်းမျဉ်းများအတွင်း ပါဝင်သော သဘောတူညီချက်များသည် ကိုယ်ရေးကိုယ်တာအချက်အလက်များစုဆောင်းခြင်းကို ထိန်းချုပ်သည့် ဥရောပသမဂ္ဂ၏ အထွေထွေအချက်အလက်ကာကွယ်ရေးစည်းမျဉ်း (ဂျီဒီပီအာ)ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဝန်ဆောင်မှုစည်းမျဉ်းဆိုင်ရာစာချုပ် လိုအပ်ချက်များအရ သုံးစွဲသူများ၏ အချက်အလက်များကို စီမံဆောင်ရွက်ခြင်းသည် မသင့်လျော်ကြောင်း တွေ့ရှိခဲ့ပြီး အဆိုပါ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအား ဥရောပသမဂ္ဂ၏ ဥပဒေနှင့်အညီ လုပ်ဆောင်ရန်အတွက် အချိန် သုံးလပေးခဲ့သည်။
အဆိုပါ သတင်းများနှင့် စပ်လျဉ်း၍ ဆိုရှယ်မီဒီယာကုမ္ပဏီ Meta က ၎င်းတို့သည် ဂျီဒီပီအာကို လေးစားလိုက်နာပါကြောင်းနှင့် စီရင်ချက်ကို သဘောမတူကြောင်းဆိုကာ ကုမ္ပဏီသည် “စီရင်ချက်နှင့် ဒဏ်ငွေများ”ကို အယူခံဝင်ရန် စီစဉ်နေကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
Ref; Forbes