◾️ သင့်တင့်မျှတသောဈေးနှုန်းဖြင့် မရောင်းချပေးနိုင်သည့် လက်လီဆိုင်များတွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်း ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၆၀,၀၀၀ ကျော်မြင့်တက်နေ
၁၂. ၁၁. ၂၀၂၄
Written by Nyein Kyaw
အောက်တိုဘာလအတွင်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆန်အိတ်များရောင်းချပေးနိုင်မှုသည် ယခင်လထက် နှစ်ဆခန့်မြင့်တက်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းမိသားစုများသို့ အဓိကပိုမိုရောင်းချပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ၁၀၈ ပေါင် (၂၄ ပြည်) ဆန်အိတ်ပေါင်း ၃၄,၇၂၈ အိတ်အထိ ရောင်းချပေးနိုင်ခဲ့သည့်အတွက် စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ဆန်အိတ်ပေါင်း ၁၆,၆၁၁ အိတ်အထိ (နှစ်ဆခန့်အထိ) ပိုရောင်းချပေးနိုင်ခဲ့သည်။ ထို့အတူ 10 Kg ဆန်အိတ်ပေါင်း ၄၃,၉၉၂ အိတ်အထိ ရောင်းချနိုင်ခဲ့၍ ဆန်အိတ်ပေါင်း ၂,၄၁၄ အိတ် ပိုရောင်းချပေးထားသည်။
ယင်းကဲ့သို့ ရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများသို့ ဧည့်မထဆန်အမျိုးအစား ၁၀၈ ပေါင်း (၂၄ ပြည်) အိတ်ရေ ၃၂,၄၀၀ ကျော်အထိ ရောင်းချပေးခဲ့ပြီး ယခင်လထက် ဆန်အိတ်ပေါင်း ၁၆,၅၀၀ ကျော်အထိ ပိုမိုရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်းမိသားစုများအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန်အမျိုးအစားကို အနည်းငယ်သာ ဝယ်ယူမှုရှိသည်ကို အဆိုပါစာရင်းအရ သိရသည်။
စက်မှုဇုန်များရှိ စက်ရုံဝန်ထမ်းများအနေဖြင့် ၂၄ ပြည်အိတ်အကြီးထက် 10 Kg အိတ်အသေးများကိုသာ အများဆုံးဝယ်ယူခြင်းဖြစ်ပြီး 10 Kg ဆန်အိတ် ၂၄,၈၉၇ အိတ်အထိ ရောင်းချပေးနိုင်ခဲ့၍ ယခင်လထက် ဆန်အိတ်ပေါင်း ၈,၄၀၀ ကျော် ပိုမိုရောင်းချပေးနိုင်ခဲ့သည်။ စက်ရုံဝန်ထမ်းများသည် ဧည့်မထနှင့် ရွှေဘိုပေါ်ဆန်းဆန်များကို အဓိကဝယ်ယူခြင်းဖြစ်သော်လည်း ရွှေဘိုပေါ်ဆန်းဝယ်ယူမှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာရှိသည်။
အခြေခံလူတန်းစားများ အဓိကမှီခိုနေရသည့် လက်လီဆိုင်များသို့ ရောင်းချပေးရာတွင်မူ ၂၄ ပြည်ဆန်အိတ်ကြီး ရောင်းချပေးရမှုမှာ ဆန်ချောနှင့်ဆန်ကြမ်း အမျိုးအစားနှစ်ခုပေါင်း ဆန်အိတ်ရေ ၇၀ ခန့်သာ မြင့်တက်မှုရှိသော်လည်း ရွှေဘိုပေါ်ဆန်း 10 Kg အိတ် လက်လီဝယ်စားနိုင်မှုမှာ ဆန်အိတ်ရေ ၇,၀၀၀ ကျော်မှ ၉၅၀ အထိ ထိုးကျသွား၍ ပေါ်ဆန်းဆန်လက်လီဝယ်စားနိုင်မှုမှာ ၈၆ ရာခိုင်နှုန်း ကျဆင်းသွားခြင်းကို တွေ့ရှိရသည်။
ဈေးဝယ်စင်တာများသို့ ရောင်းချပေးရာတွင် ယခင်လများတွင် ၂၄ ပြည် ဆန်အိတ်အကြီး ၁၅၀ ကျော် ရောင်းချရမှုရှိသော်လည်း အောက်တိုဘာလတွင် ဆန်အိတ်အကြီးအထက် 10 Kg အိတ်အသေးများကိုသာ ပိုမိုဝယ်ယူခဲ့ကြပြီး 10 Kg ဆန်အိတ်အသေး ၁,၁၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့ကာ ရက် ၉၀ ဆန်အမျိုးအစားကို အဓိကဝယ်ယူမှုရှိကြောင်း သိရသည်။
အိမ်အရောက်အပို့စနစ်ဖြင့် ရောင်းချပေးရာတွင် ၂၄ ပြည်ဆန်အိတ်အကြီးကိုသာ အဓိကဝယ်ယူခြင်းဖြစ်ပြီး ယခင်လများအတိုင်း ပြောင်းလဲမှုကြီးကြီးမားမားမရှိဘဲ ဆန်အိတ် ၁၅၀၀ ဝန်းကျင် ဝယ်ယူစားသုံးမှုရှိကြောင်း သိရသည်။
နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းထုတ်ပြန်ရာတွင် အဓိကပြည်တွင်းစားဆန် ဈေးနှုန်းများ ပြောင်းလဲမှုမရှိသည့်အပြင် ပေါ်ဆန်းဆန်ဈေးနှုန်းအား အမျိုးအစားအပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၄၅,၀၀၀ ကြားသတ်မှတ်ထားသလို အခြားဆန်အမျိုးအစားများနှင့် ဈေးဝယ်စင်တာများတွင် ဝယ်ယူရမည့် ဆန်ဈေးနှုန်းများကိုပါ အောက်တိုဘာလ ဈေးနှုန်းအတိုင်း သတ်မှတ်ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းအရ သိရသည်။
သို့သော်လည်း ပြည်ပဆန်လက်လီဈေးကွက်များတွင် ဆန်ဈေးနှုန်းများကို ဖော်ပြထားခြင်းမရှိဘဲ မှာယူသည့်အချိန်နှင့် နေ့ရက်ပေါ်မှာသာ မူတည်ပြီးဈေးနှုန်းများ ဖွင့်လှစ်နေခြင်းဖြစ်ပြီး ဆန်ဈေးနှုန်းအား တစ်သတ်မှတ်တည်း သတ်မှတ်ထားခြင်းမရှိဘဲ ရွှေရောင်းချမှုပုံစံကဲ့သို့ပင် ရောင်းချနေခြင်းဖြစ်သည်။
“ကြေညာတဲ့ Page မှာက ဈေးနှုန်းပြောလို့မရလို့။ အတက်အကျရှိလို့လေ။ ဧရာရွှေဘိုဆန်က ၁၅၄,၀၀၀ သူက ဧရာဝတီတိုင်းက ထွက်တဲ့ရွှေဘိုအမျိုးအစား၊ ရွှေဘိုထူးထူးရှယ်ကတော့ ရွှေဘိုအစစ်ပေါ့။ ရွှေဘိုမှာက နှစ်မျိုးရှိမယ်။ ၁၇၉,၀၀၀ နဲ့ ၂၀၇,၀၀၀ နှစ်မျိုးရှိမယ်” ဟု အိမ်အရောက်ပို့စနစ်ဖြင့်ပါ ရောင်းချနေသည့် ရန်ကုန်မြို့တွင်းရှိ ဆန်ရောင်းဝယ်ရေးဆိုင်တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
ဈေးကွက်အတွင်း ရောင်းချနေသည့် ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်းများမှာ ဧရာဝတီတိုင်းမှထွက်ရှိသည့် ရွှေဘိုပေါ်
ဆန်းဆန်သည်ပင် စားသုံးသူရေးရာဦးစီးဌာနမှ အမြင့်ဆုံးသတ်မှတ်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းထက် ကျပ် ၁၀,၀၀၀ ခန့် ပိုများနေပြီး စစ်ကိုင်းတိုင်းမှထွက်ရှိသည့် ထူးထူးရှယ်ရွှေဘိုပေါ်ဆန်းသည် ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၆၀,၀၀၀ ကျော် ဈေးနှုန်းပိုများနေသည်။ ရွှေဘိုပေါ်ဆန်းသည် ရေကြီးရေလျှံမှုသဘာဝဘေးဒဏ် ခံခဲ့ရချိန် မြင့်တက်ခဲ့သော အမြင့်ဈေးနှုန်းထက်ပင် ယခုတွင် ကျပ် ၂၀,၀၀၀ ကျော် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။