၅. ၁. ၂၀၂၃
Written by Nay Moe
ALP စစ်ဦးစီးချုပ်အပါအဝင် သုံးဦးကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ AA က လုပ်ကြံမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ရခိုင်ပြည်သူများကို AA က ဖမ်းဆီးသတ်ဖြတ်နေမှုအပေါ် တရားမျှတမှုရှိအောင် ဆောင်ရွက်မည်ဟု ALP က ယနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန်တို့ သုံးဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နံနက် ၈ နာရီကျော်တွင် စစ်တွေမြို့၌ ကားဖြင့်သွားနေစဉ် ရခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)မှ အကြမ်းဖက်လုပ်ကြံသဖြင့် စီးလာသောကားပေါ်တွင်ပင် သေနတ်ဒဏ်ရာများစွာဖြင့် ကွယ်လွန်သွားခဲ့သည်။
ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူးနှစ်ဦးအား ULA/AA က ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်သည်။
ဗိုလ်ချုပ်ခိုင်စိုးမြသည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၈၄ ခုနှစ်မှစ၍ နှစ်ပေါင်း(၄၀)ခန့် ပါတီ/တပ်မတော်(ALA)တွင် တာဝန်ထမ်းဆောင်လာခဲ့သည်။ ဗိုလ်ချုပ်ခိုင်စိုးမြသည် မဟာမိတ်ကရင်ပြည်နှင့် အနောက်ဖက်စစ်ဒေသ(ရခိုင်ပြည်)တို့တွင် ပါတီ/တပ်မတော်မှပေးအပ်သည့် တာဝန်အဆင့်ဆင့်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် စစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူးနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းသည် မိမိတို့ ပါတီ/တပ်မတော်နှင့် ရခိုင်ပြည်သူများအတွက် အစားထိုး မရသောဆုံးရှုံးမှုဖြစ်သည်။
ULA/AA က မိမိတို့ ALP ပါတီ/တပ်မတော်မှ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့်တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်းသံဃာများနှင့် ပြည်သူများကိုပါမချန် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်ဟု ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။