November 14, 2024

၁၂. ၁၁. ၂၀၂၄
Written by Nay Moe

TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ နောင်ချိုမြို့မစျေးနေရာကို ဒီနေ့လယ်မှာ ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချမှုကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီ ၄၃ မိနစ်အချိန်မှာ လေကြောင်းတိုက်ခိုက်ရာမှာ လန်းဆန်းလက်ဖက်ရည်ဆိုင်အနီးကို ဗုံးတစ်လုံးလာရောက်ကြဲချလို့ လူသေဆုံးဒဏ်ရာမှုအပြင် နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

အလားတူပဲ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ TNLA နဲ့ NUG ဩဇာခံ မန္တလေး PDF အပါအဝင် ပူးပေါင်းတပ်တွေ နယ်​မြေလုယက်သိမ်းယူထားတဲ့ မိုးကုတ်မြို့ဟာလည်း နိုဝင်ဘာ ၁၁ ရက် ညသန်းခေါင်အချိန်မှာ ဗုံးကြဲခံလိုက်ရပါသေးတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကို တုံ့ပြန်တော့မှာဖြစ်လို့ ပြည်သူကို လူသားဒိုင်းလို အကာအကွယ်ယူနေတဲ့ အကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ အစိုးရက သတိပေးထားသလို နိုင်ငံပိုင်မီဒီယာတွေကလည်း နေ့စဥ်သတိပေးနေပေမဲ့ ဒီ သတိပေးချက်ကို လျစ်လျူရှုကြတာကြောင့် နောင်ချိုမြို့နဲ မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တာလို့ သိရပါတယ်။

မိုးကုတ်မြို့ကို TNLA ၊ မိုးကုတ် PDF၊ မန္တ​လေး PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့သလို TNLA က မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမည်တပ်ပြီး အုပ်ချုပ်နေသလို နိုင်ငံတော်က တူးဖော်ခွင့်ပြုထားတဲ့ လုပ်ကွက်တွေကို ပိတ်ပြီး TNLA ရဲ့ စစ်ရေးအသုံးစရိတ်အတွက် ကျောက်မျက်လုပ်ကွက်တွေ တူးဖော်လုပ်ကိုင်နေတာကြောင့် ဒီလိုမျိုးကျောက်မျက်လုပ်ကွက် တူးဖော်လည်ပတ်ရာနေရာတွေ၊ TNLA နဲ့ PDF တို့က ပြည်သူကြားမှာ လူသားဒိုင်းအကာအကွယ်ယူ စခန်းချရာနေရာတွေကို ဗုံးကြဲတာလို့လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ကို မနေ့က ညသန်းခေါင်အချိန် ဗုံးကြဲမှုဟာ မိုးကုတ်ဘောလုံးကွင်းအနီး ကျောက်အရောင်းအဝယ်လုပ်ရာ မြို့အရှေ့ပိုင်းလယ်ဦးရပ်နဲ့ အနောက်ပိုင်းလူးထ သုံးနေရာကို ည ၁၂ နာရီ ဝန်းကျင်မှာ ဗုံးငါးလုံးကြဲချတိုက်ခိုက်တာလို့လည်း သိရသလို ဒီတိုက်ခိုက်မှုမှာ TNLA အပိုင်စီးထားတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အပါအဝင် အိမ် ၉ လုံးခန့်နဲ့ အနည်းဆုံး လူ ၉ ဦး သေဆုံးဒဏ်ရာရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသေဆုံးမှုတွေကိုတော့ TNLA ရဲ့ ထုံးစံအတိုင်း TNLA လက်နက်ကိုင်တွေ သေဆုံးတယ်လို့ ဝန်ခံမထားဘဲ အရပ်သားတွေချည်းသာထိခိုက်တယ်လို့လည်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အပေါ် အပြစ်ပုံချထားပါတယ်။

ပုံစာ။ နောင်ချိုနဲ့ မိုးကုတ်မြို့ ဗုံးကြဲခံရသော မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *