◾ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ထမ်း၊အဆောက်အဦများ တိုက်ခိုက်ခံရသောဖြစ်ရပ် အနည်းဆုံး ၁၅၀၀ ခန့်ရှိခဲ့
၁၂.၁၁. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ထမ်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှု သို့မဟုတ် ဟန့်တားနှောင့်ယှက်ခံရသော အဖြစ်အပျက် ၁၅၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း Insecurity Insight ကဖော်ပြထားချက်အရ သိရသည်။
အဆိုပါကာလအတွင်း ကျန်းမာရေးဝန်ထမ်း ၉၃၀ ဦးဖမ်းဆီးခံခဲ့ရသလို ကျန်းမာရေးဝန်ထမ်း ၁၂၆ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့အပြင် ကျန်းမာရေးအဆောက်အဦး အနည်းဆုံး ၃၂၇ ခု ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၄ ခုနှစ်အတွင်းကျန်းမာရေးနှင့်ပတ်သက်သော ဝန်ထမ်းများ၊ အဆောက်အဦများ ဟန့်တားနှောင့်ယှက်ခံရမှု၊ အကြမ်းဖက်ခံရမှု အများဆုံးဖြစ်ပွားခဲ့သော အရပ်ဒေသဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်းတွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ထမ်းများ၊ အဆောက်အဦများတိုက်ခိုက်ခံရမှု မြင့်တက်ခဲ့ကြောင်း၊ ပေါက်ကွဲစေသောပစ္စည်းများဖြင့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများရှိလာခဲ့ကြောင်း Insecurity Insight ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။
ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ၊ ဆေးပေးခန်းများ တိုက်ခိုက်ခံရခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှုများဖြစ်လာခဲ့ပြီး ဝန်ထမ်းများသည် ကျန်းမာရေးလုပ်ငန်းများလုပ်ကိုင်ခြင်းကို ရပ်နားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းမှ ထွက်ပြေးခြင်းများရှိလာခဲ့ကြောင်း သိရသည်။
ကျန်းမာရေးအဆောက်အဦများနှင့် ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ခံရခြင်းသည် ကျန်းမာရေးပြုစုစောင့် ရှောက်မှု အရည်အသွေးပိုင်းကို ထိခိုက်မှုများဖြစ်လာစေခဲ့ကြောင်း Insecurity Insight က ဖော်ပြထားချက်အရသိရသည်။
ထို့အတူ ၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေးအဆောက်အဦများအား ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများလည်း မြင့်တက်လာခဲ့ကြောင်း Insecurity Insight အဖွဲ့က ဖော်ပြထားသည်။
ပုံစာ။ အရပ်သားများနှင့် တပ်မတော်သားများအပါအဝင် လူရာချီရှိသော လားရှိုး တပ်မတော်ဆေးရုံကို MNDAA နှင့် PDF များ သတ်ဖြတ်မှုမြင်ကွင်းနှင့် ရှုတ်ချမှုပုံရိပ်များ။
REf, Insecurity Insight