၁၂. ၁၁. ၂၀၂၄
Written by Nay Moe
ကျိုက်ထီးရိုးဘုရားပွဲတော် ကျင်းပနေပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နဲ့ ကျိုက်ထီးရိုးဆီမီး ပွဲတော်လည်း နီးကပ်နေတာ၊ ပြည်ပနိုင်ငံတွေက ဘုရားဖူးသူတွေပါ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးဆီ ကထိန်သင်္ကန်း လာကပ်နေချိန်၊ ဘုရားဖူး ခရီးသွားများစွာ လာနေချိန်မှာ ဘုရားဖူးပြည်သူတွေမလာရဲအောင် PDF တွေက ကျိုက်ထီးရိုးပုံစံတူစေတီတော်တစ်ဆူပေါ် တက်ဖူးပြီး ကျိုက်ထီးရိုးဘုရားမှာ PDF တွေ ရောက်ရှိနေတဲ့အသွင် ဝါဒဖြန့်မှုနဲ့ ခြိမ်းခြောက်လာနေတယ်လို့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်သူတချို့က ပြောပါတယ်။
“ကျွန်တော်တို့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေက နေ့စဉ် ကျိုက်ထီးရိုးဘုရားဖူးတွေရဲ့ ကားအငှားကို တစ်နေကုန်ရှင်းပြနေရတာပါ။ ခရီးသွားတွေ လာမယ့်အချိန်မှာ ဒီလိုတင်လာတာက အများပြည်သူကြောက် လန့်အောင် ပွဲပျက်အောင် လုပ်တာပါ” လို့ ကားအငှားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ရှင်းပြပါတယ်။
PDF တွေရှိနေရင် ပစ်ခတ်ရင် ပြည်သူက အချောင်အသက်ဆုံးရှုံးနိုင်တာကြောင့် PDF တွေရဲ့ ဒီလိုလုပ်ရပ်က ကျိုက်ထီးရိုးကို မလာနဲ့ ငါတို့ရောက်နေတယ်ဆိုပြီး ဘုရားဖူးပြည်သူတွေရဲ့ အကြောက်တရားကို ထပ်ဆင့်ခြောက်လှန့်လိုက်သလိုဖြစ်နေပြီး တကယ်တမ်းမှာလည်း PDF တက်ဖူးတဲ့ ကျိုက်ထီးရိုးဘုရားက ပုံစံတူသာဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်က ကျိုက်ထီးရိုးဘုရားကို အကြိမ်ပေါင်းများစွာရောက်လာတာ။ PDF တွေ တက်ဖူးတဲ့ဘုရားက ရွှေချထားတာမဟုတ်ဘဲ ရွှေရောင်ဆေးသုတ်ထားတာကို နေရောင်ထဲတင် မြင်ရပါတယ်။ PDF တက်ဖူးတဲ့ ပုံစံတူ ကျိုက်ထီးရိုးဘုရားနဲ့ ကျိုက်ထီးရိုးဆံတော်ရှင်အစစ်က တင့်တယ်ပုံ၊ အသရေ အရမ်းကွာသလို ပုံစံတူကျိုက်ထီးရိုးက ကျောက်လုံးမညီဘဲ အက်ကွဲရာပုံစံအတုယူထားသလို မတူညီမှုရှိနေတာ၊ စေတီတော်ပတ်ပတ်လည် အပြင်အဆင်က ထပ်တူမညီတာ၊ အမှိုက်ပုံးတွေ၊ အလှုခံပုံးတွေ၊ ခေါင်းလောင်းတွေက ဆံတော်ရှင်ကျိုက်ထီးရိုးအစစ်နဲ့ လုံး၀မတူတာ။ ပိုဆိုးတာက အမိုးမမိုးနိုင်သေးလို့ ပလပ်စတစ်အကာအစိမ်းနဲ့ ယာယီအမိုးတပ်ထားတာတွေက PDF တွေ တက်ဖူးတဲ့ ပုံစံတူ ကျိုက်ထီးရိုးမှာ အတိအလင်းမြင်ရပါတယ်။ ဒါကို စဖြန့်သူက PDF တွေ ကျိုက်ထီးရိုးဘုရားပုံစံတူ တက်ဖူးတယ်လို့မပြောဘဲ ဆံတော်ရှင်ကျိုက်ထီးရိုးမှာ တက်ဖူးသယောင် တင်တော့ ဘုရားဖူးသွားမယ့်ပြည်သူတွေက ကြောက်လန့်ကုန်တာပေါ့”လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြပါတယ်။
မြန်မာပြည်အနှံ့မှာ ကျိုက်ထီးရိုးပုံစံတူစေတီ ရာနဲ့ချီ တည်ထားကြတာရှိပြီး PDF တွေ အခုတက်ဖူးတဲ့ ကျောက်လုံးမညီ အကွဲကြောင်းရာပါတဲ့ ပုံစံတူစေတီဟာ မြ၀တီတောင်တန်းပေါ် သစ်တံခါးဆရာတော် တည်ထားတဲ့ စေတီနဲ့ မြိုင်မြို့နယ် ဒေါင်းအိုကြီးရွာက ပုံစံတူစေတီနှစ်ဆူနဲ့ တူညီမှုရှိပေမဲ့ မူဗီဖိုင်ကို စတင်တဲ့ Sai Naung Kham အကောင့်ပိုင်ရှင်ကတော့ PDF တွေ တက်ဖူးတာက ကျိုက်ထီးရိုးပုံစံတူ ကျိုက်ထိုက်စေတီလို့သာ ဖြေရှင်းထားတာကို MT News က အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုးတောင်ကြောပေါ် သီတင်းသုံးနေထိုင်တဲ့ ရဟန်းတော်တစ်ပါးကလည်း PDF တွေ တက်ဖူးတဲ့ စေတီတော်ဟာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံး၀မဟုတ်ဘဲ ပုံစံတူသာဖြစ်တယ်လို့ ဖြေရှင်းပေးနေတာကို MT News က ရရှိထားတဲ့ ပုံတွေ အသံဖိုင်တွေအရ ထပ်ဆင့် အတည်ပြုနိုင်ခဲ့ပါတယ်။
ကျိုက်ထီးရိုးဘုရားဖွင့်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ကျင်းပခဲ့သလို လက်ရှိကာလမှာ ဘုရားဖူးတွေ အလာများနေချိန်မှာ ဒီလို ကြံရွယ်ဖြန့်ဝေတာဟာ ဘုရားဖူးပြည်သူတွေ မလာရဲအောင် ကြံဆောင်တာဖြစ်ပြီး PDF တွေကလည်း ကျိုက်ထီးရိုးဘုရားဖူးတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ပြည်သူတွေဘုရားဖူးနေချိန် တိုက်ခိုက်ခဲ့ဖူးသလို အဲဒီအချိန်က ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ ဦးဆောင်တဲ့ PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဘုရားဖူးပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ဘုရားဖူးပြည်သူ ၁၈ ဦးဒဏ်ရာခဲ့ပါသေးတယ်။
KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့ အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ လူ ၁၈၂ ဦးအထိ သတ်ထားတယ်လို့လည်း စက်တင်ဘာ ၁၆ ရက်မှာ ဝန်ခံထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
KRF အဖွဲ့က ဒီလိုမျိုး ဘုရားဖူးတွေကို မကြာခဏလာပစ်သတ်နေလို့ ဘုရားဖူးတွေမလာတော့ရင် ကျိုက်ထီးရိုးဘုရားကို မှီတည်နေတဲ့ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ကားစင်းလုံးငှားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကျိုက်ထိုမြို့ခံပြည်သူတွေပဲ အခက်ကြုံမှာဖြစ်တာကြောင့် KRF နဲ့ သူ့ကို ထိန်းချုပ်ထားတဲ့ KNU /KNLA ကို ကျိုက်ထီရိုးဘုရားအမှီပြုနေတဲ့ လုပ်ငန်းရှင်၊ ပြည်သူတွေက ဘုရားဖူးတွေကို ပစ်ခတ်တိုက်ခိုက်မှုမရှိရေး ဆက်ကြေးပေးထားရတယ်လို့ MT News က ခရီးသွားလုပ်ငန်းရှင်တချို့ထံက အတည်ပြုနိုင်ပေမဲ့ လစဉ်ဆက်ကြေးပေးရတဲ့ ပမာဏကိုတော့ အတည်မပြုနိုင်ပါဘူး။