၁၂.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင်အခြေစိုက်သော Spirit Airlines မှ လေယာဉ်တစ်စီးမှာ နိုဝင်ဘာလ ၁၁ ရက်က ဟေတီနိုင်ငံ၊ ပို့တ်အော်ပရင့်စ်မြို့ လေဆိပ်၌ ဆင်းသက်ရန်ကြိုးစားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက လေယာဉ်က ဖလော်ရီဒါပြည်နယ်၊ ပို့တ်လော်ဒါဒေးလ်မြို့မှ ပျံသန်းမှုခရီးစဉ် ၉၅၁ အတိုင်း ပျံသန်းလာစဉ် ပို့တ်အော်ပရင့်စ်မြို့သို့ လေယာဉ်ဆင်းသက်ရန်ကြိုးစားချိန် ပစ်ခတ်ခံခဲ့ရ၍ အိမ်နီးချင်း ဒိုမီနီကန်နိုင်ငံ၊ ဆန်တီယာဂိုမြို့ လေဆိပ်သို့ လမ်းကြောင်းလွှဲပျံသန်းကာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။
ဒိုမီနီကန်နိုင်ငံသို့ ရောက်ရှိဆင်းသက်ပြီးနောက် စစ်ဆေးရာတွင် လေယာဉ်အား သေနတ်ထိမှန်ထားသည့် ကျည်ဆံရာချက်များကို တွေ့ရှိကြရသည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်များမှာမူ တစ်စုံတစ်ဦးမျှဒဏ်ရာမရရှိခဲ့ကြသော်လည်း လေယာဉ်ဝန်ထမ်းတစ်ဦးတွင်မူ ဒဏ်ရာအနည်းငယ်ရခဲ့သဖြင့် ဆေးကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Spirit Airlines က ပစ်ခတ်ခံရသောလေယာဉ်အား ပျံသန်းမှုအနားပေးကာ ခရီးသည်များအား အခြားလေယာဉ်တစ်စီးနှင့် ပို့တ်လော်ဒါဒေးလ်မြို့သို့ ပြန်လည်ခေါ်ယူလာခဲ့ကြောင်း သိရသည်။ လေကြောင်းလိုင်းက ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရာတွင် ခရီးသည်များနှင့် ဝန်ထမ်းများ လုံခြုံစိတ်ချရမှုရှိရေးမှာ လေကြောင်းလိုင်း၏ အဓိကအလေးထားရမည့်အချက်ဖြစ်၍ Spirit Airlines အနေနှင့်ပို့တ်အော်ပရင့်စ်မြို့နှင့် ဟေတီနိုင်ငံသို့ ပျံသန်းမှုကိုဆိုင်းငံ့ထားကြောင်း ဖော်ပြခဲ့သည်။
ပို့တ်အော်ပရင့်စ်မြို့ရှိ အမေရိကန်သံရုံးက မြို့သို့ အဝင်နှင့် အထွက်လမ်းကြောင်းများကို ပိတ်ဆို့ရန်ကြိုးစားနေသော ဂိုဏ်းအုပ်စုအလိုက် အားထုတ်မှုများကို သတိပြုရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုလုပ်ဆောင်မှုများတွင် လက်နက်ကိုင်အကြမ်းဖက်မှုများနှင့် ကားလမ်းများ၊ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ အသွားအလာပြတ်တောက်စေရန် ဆောင်ရွက်မှုများလည်းပါဝင်နိုင်ကြောင်းသိရသည်။ ထို့ပြင် အမေရိကန်သံရုံးက ဟေတီနိုင်ငံတွင် လုံခြုံရေးအခြေအနေမှာ မခန့်မှန်းနိုင်လောက်အောင် အန္တရာယ်ရှိနေ၍ ဟေတီနိုင်ငံအတွင်း ခရီးသွားခြင်းက အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် ပုဂ္ဂိုလ်ရေးလုံခြုံ စိတ်ချရမှုကို ဦးစွာစဉ်းစားသုံးသပ်ပြီးမှ ဟေတီသို့ လာရောက်ကြစေလိုကြောင်းလည်း ပြောခဲ့သည်။
ထို့ပြင် လေကြောင်းလိုင်း ကြေညာချက်တွင် အမေရိကန်အစိုးရအနေဖြင့် ဟေတီနိုင်ငံအတွင်း လေဆိပ်များ၊ နယ်စပ်ဒေသများနှင့် နိုင်ငံအတွင်း အမေရိကန်နိုင်ငံသားများ ခရီးသွားလာရန် လုံခြုံစိတ်ချမှုကို အာမ မခံနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။
Ref- Fox