November 14, 2024
photo_2024-11-12_11-58-44

၁၂.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒက်ကာ-မိုင်မန်ဆင်း အ‌ဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ကာ ဆန္ဒပြနေကြတဲ့ TNZ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ သူတို့ရဲ့ အချိန်နဲ့အညီမရရှိသေးတဲ့လစာတွေကို နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီးရရှိဖို့ အစိုးရက အာမခံချက်ပေးခဲ့အပြီးမှာတော့ နိုဝင်ဘာ ၁၂ ရက်မှာ လမ်းပိတ်ဆို့ ဆန္ဒပြမှုကို ဖယ်ရှားပေးခဲ့ကြလို့ ယာဉ်အသွားအလာ ပုံမှန်ပြန်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်ညပိုင်းမှာ စက်ရုံပိုင်ရှင်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားဝန်ကြီးတို့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြအပြီး ည ၁၀ နာရီခွဲမှာတော့ အလုပ်သမားတွေရဲ့ လမ်းပိတ်ဆို့ဆန္ဒပြမှုကို ဖယ်ရှားရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးအရာရှိ အာရှက်မီယာက နိုဝင်ဘာလ ၁၂ ရက် နံနက်မှာ ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အလုပ်သမားတွေရဲ့ ကျန်ရှိနေသေးတဲ့လစာတွေအနက် ပထမအသုတ်အဖြစ် နိုဝင်ဘာလ ၁၇ ရက် နောက်ဆုံးထားပေးဖို့နဲ့ ကျန်လစာတွေကို နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပေးသွားဖို့ သဘောတူခဲ့ကြပါတယ်။

အစိုးရက TNZ Apparels အထည်ချုပ်စက်ရုံကို တာကာငွေ ၁၆၀,၀၀၀,၀၀၀ ပံ့ပိုးပေးမှာဖြစ်ပြီး ဒီထဲက တာကာငွေ ၆၀,၀၀၀,၀၀၀ ကို လစာငွေတွေ ပထမအသုတ်ပေးဖို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ကျန်တဲ့ တာကာငွေ ၁၀၀,၀၀၀,၀၀၀ ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးမှာဖြစ်ပြီး ကျန်လစာငွေတွေပေးဖို့ ဆက်လက် သုံးသွားမယ်လို့ သိရပါတယ်။စက်ရုံပိုင်ရှင်တွေက အဆိုပါ ပံ့ပိုးငွေကို နောက်ပိုင်း‌မှာ အစိုးရကို ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

ဒါ့ပြင် အလုပ်သမားတွေအနေနဲ့ စက်ရုံရဲ့ ဒီဇင်ဘာလအတွင်း ဝင်ငွေမှ ပုံမှန်လစာရရှိသွားမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ အလုပ်သမားတွေက ဆုံးဖြတ်ချက်ကိုလက်ခံကာ လမ်းပိတ်ဆို့ဆန္ဒပြမှုကို ဖယ်ရှားပေးခဲ့ကြလို့ နိုဝင်ဘာလ ၁၂ ရက် နံနက်မှာ ယာဉ်အသွားအလာ ပုံမှန်ပြန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref- Daily Observer

Leave a Reply

Your email address will not be published. Required fields are marked *