November 14, 2024
photo_2024-11-12_10-00-54

ပုံစာ။ မိုးကုတ်မြို့ ဗုံးကြဲခံရသောနေရာအား ​ပြည်သူများလာရောက်ကြည့်ရှုနေစဥ် (Photo / CJ)

◾ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် အဖွဲ့များကို တုံ့ပြန်တော့မည်ဖြစ်၍ အကြမ်းဖက်အဖွဲ့များအနီးမနေရန် သတိပေးချက်ကို လျစ်လျူရှုကြသဖြင့် သေဆုံးဒဏ်ရာရသူများ ရှိနေ

၁၂. ၁၁. ၂၀၂၄
Written by Nay Moe

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ TNLA နဲ့ NUG ဩဇာခံ မန္တလေး PDF အပါအဝင် ပူးပေါင်းတပ်တွေ နယ်​မြေလုယက်သိမ်းယူထားတဲ့ မိုးကုတ်မြို့ဟာ နိုဝင်ဘာ ၁၁ ရက် ညသန်းခေါင်အချိန်မှာ ဗုံးကြဲခံလိုက်ရပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကို တုံ့ပြန်တော့မှာဖြစ်လို့ ပြည်သူကို လူသားဒိုင်းလို အကာအကွယ်ယူနေတဲ့ အကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ အစိုးရက သတိပေးထားသလို နိုင်ငံပိုင်မီဒီယာတွေကလည်း နေ့စဥ်သတိပေးနေပေမဲ့ ဒီသတိပေးချက်ကို လျစ်လျူရှုကြတာကြောင့် မိုးကုတ်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကို TNLA ၊ မိုးကုတ် PDF၊ မန္တ​လေး PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့သလို TNLA က မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမည်တပ်ပြီး အုပ်ချုပ်နေသလို နိုင်ငံတော်က တူးဖော်ခွင့်ပြုထားတဲ့ လုပ်ကွက်တွေကို ပိတ်ပြီး TNLA ရဲ့ စစ်ရေးအသုံးစရိတ်အတွက် ကျောက်မျက်လုပ်ကွက်တွေ တူးဖော်လုပ်ကိုင်နေတာကြောင့် ဒီလိုမျိုးကျောက်မျက်လုပ်ကွက် တူးဖော်လည်ပတ်ရာနေရာတွေ၊ TNLA နဲ့ PDF တို့က ပြည်သူကြားမှာ လူသားဒိုင်းအကာအကွယ်ယူ စခန်းချရာနေရာတွေကို ဗုံးကြဲတာလို့လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ကို မနေ့က ညသန်းခေါင်အချိန် ဗုံးကြဲမှုဟာ မိုးကုတ်ဘောလုံးကွင်းအနီး ကျောက်အရောင်းအဝယ်လုပ်ရာ မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သုံးနေရာကို ည ၁၂ နာရီ ဝန်းကျင်မှာ ဗုံးသုံးလုံးကြဲချတိုက်ခိုက်တာလို့လည်း သိရသလို ဒီတိုက်ခိုက်မှုမှာ TNLA အပိုင်စီးထားတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အပါအဝင် အိမ် ၉ လုံးခန့်နဲ့ အနည်းဆုံး လူ ၇ ဦးထက်မနည်း သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။

“၁၁ နာရီ ၄၅ မိနစ်က စ လေကြောင်းတိုက်ခိုက်တာပေါ့။ အဲဒါက မိုးကုတ်ဘောလုံးကွင်းနားလို့သိရတယ်။ နောက်ပြီး ၁၂ နာရီ ၁၅ မိနစ် နဲ့ မိနစ် ၂၀ လောက်မှာ အရှေ့ပိုင်းလယ်ဦးရပ်နဲ့ အနောက်ပိုင်း လူးထရပ်ကို တိုက်ခိုက်တာပါ။ အဲဒီနေရာတွေကတော့ TNLA နဲ့ PDF တွေ ခိုလှုံ လှုပ်ရှားရာနေရာတွေဖြစ်ပေမဲ့ အရပ်သားတချို့လည်း ထိခိုက်တာတော့ရှိပါတယ်” လို့ ဒေသခံတစ်ဦးက MT News ရဲ့ မေးမြန်းမှုအပေါ် သူသိရှိရသမျှ ဖြေဆိုပါတယ်။

ပုံစာ။ မိုးကုတ်မြို့ ဗုံးကြဲခံရသောနေရာအား ​ပြည်သူများလာရောက်ကြည့်ရှုနေစဥ် (Photo / CJ)

Leave a Reply

Your email address will not be published. Required fields are marked *