November 14, 2024

၁၁ .၁၁. ၂၀၂၄
Written by Hey Mar

အသက် နှစ်ဆယ်‌ကျော်အရွယ်အမျိုးသမီးငယ်တစ်ဦး တည်းခိုခန်းမှာ အသတ်ခံရတဲ့ ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီဝန်းကျင်က မန္တလေးမြို့ ၃၆ လမ်း / ၇၀- ၇၁ လမ်းကြားရှိ တည်းခိုခန်း တစ်ခုမှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

သေဆုံးသူအမျိုးသမီးငယ်မှာ အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေသလို ထိုးကြိတ်ကန်ကြောက် ဒဏ်ရာတွေအပြင် ပါးချိတ်အောက်မှာ ထိုးသွင်းဒဏ်ရာရရှိထားပြီး မေးရိုးလည်း ပြုတ်ထွက်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ရုပ်အလောင်းကို စစ်ဆေးစဉ်မှာ မျက်မြင်တွေ့ရတဲ့ အခြေအနေကို MT News ကို ပြောပါတယ်။

“တည်းခိုခန်း CCTV မှာ တွေ့ရတာတွေအရ သူတို့နှစ်‌ယောက်က ညနေ လေးနာရီမှာ ရောက်လာတာ။ ပြီးတော့ အတူလာတဲ့ လူက ညနေ ခြောက်နာရီမှာ ပြန်ထွက်သွားတယ် ။ ည ခုနစ်နာရီကျော်လောက်မှ တည်းခိုခန်းက သိပြီး ရဲတပ်ဖွဲ့ဆီ အကြောင်းကြားလာတာ။ အခု စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတုန်းပါ ” လို့ မျက်မြင်တွေ့သူက ဆက်ပြောပါတယ်။

ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ရုပ်အလောင်းကူညီသယ်‌ဆောင်ကာ ရင်ခွဲရုံဆီ ပို့ဆောင်ဖို့ မဏီစလ လူမှုကူညီရေးအသင်းထံ ဆက်သွယ်လာလို့ ကူညီပေးခဲ့သလို ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *