November 14, 2024

၁၁.၁၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ တရားသူကြီးတစ်ဦးက Meta Platforms ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မာ့ခ် ဇူကာဘတ်ဟာ ကလေးငယ်တွေ လူမှုကွန်ရက်ကို အလွန်အမင်းစွဲလမ်းအောင်ပြုလုပ်ခဲ့တယ်လို့ သူ့ ကုမ္ပဏီကို တရားစွဲထားတဲ့ အမှု ၂၅ မှုမှာ ပုဂ္ဂိုလ်ရေးအနေနဲ့ တာဝန်ရှိတယ်လို့ မဆိုနိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ အော့ကလန်မြို့မှ ခရိုင်တရားသူကြီး Yvonne Gonzalez Rogers က Meta အနေနဲ့ Facebook နဲ့ Instagram တို့ကိုအသုံးပြုတာက ကလေးတွေမှာ ပြင်းထန်တဲ့ စိတ်ဝေဒနာခံစားမှုတွေ ရနိုင်တာကို ဖုံးကွယ်ဖို့အားထုတ်ပြုလုပ်ဖို့ ဇူကာဘတ်က ညွှန်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နိုဝင်ဘာလ ၇ ရက်က ပယ်ချခဲ့ပါတယ်။

တရားလိုတွေဘက်က Meta ရဲ့ ပူးတွဲတည်ထောင်သူ ဘီလျံနာ ဇူကာဘတ်ဟာ ဒီလို ကလေးတွေကို အန္တရာယ်ဖြစ်စေတာကို ဖုံးကွယ်ထားဖို့ ညွှန်ကြားခဲ့မှုအတွက် စွပ်စွဲခဲ့ကြပြီး သူ့အနေနဲ့ ဒီအတွက် ထပ်ကာထပ်ကာ သတိပေးမှုတွေကိုလည်း လျစ်လျူရှုကာ အလေးအနက်မထားဘဲဘေးချိတ်ထားခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။

ဒါပေမယ့်တရားသူကြီးက ဇူကာဘတ်အနေနဲ့ ဘာအမှားတွေလုပ်ခဲ့လဲဆိုတာ အသေးစိတ်အချက်အလက်တွေ မတွေ့ရဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် တရားသူကြီးက အသင်းအဖွဲ့နဲ့ဆိုင်တဲ့ လှုပ်ရှား ဆောင်ရွက်မှုတစ်ရပ်ကို ထိန်းချုပ်ရာမှာ တစ်ဦးထဲကိုအပြစ်ဆိုခြင်းက လုံလောက်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရီဇိုးနား၊ ကော်လိုရာဒို၊ ကွန်နက်တီကပ်၊ ဂျော်ဂျီယာ၊ မေရီလန်း၊ နယူးယော့ခ်၊ မြောက်ကယ်ရိုလိုင်းနား၊ အိုဟိုင်းအိုး၊ ပန်ဆယ်လ်ဗေးနီးယား၊ တောင်ကယ်ရိုလိုင်းနား၊ တက္ကဆက်၊ ဗာဂျီးနီးယားနဲ့ ဝင်ကွန်ဆင်ပြည်နယ် ၁၃ ခုမှာ ပြည်နယ်အလိုက် ဥပဒေတွေအရ တရားလိုတွေက ဇူကာဘတ်ကို စွဲချက်တွေပြုလုပ်ထားကြတာပါ။

စုစုပေါင်း ၂၅ မှု ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးငယ် ရာပေါင်းများစွာ၊ သူတို့မိသားစုတွေနဲ့ ကျောင်းများကလည်း Meta, Alphablet’s Google, ByteDance’s TikTok နဲ့ Snap’s Snapchat တို့ကြောင့် လူမှုကွန်ရက်အပေါ် အလွန်အမင်းစွဲလမ်းကာ ထိခိုက်နစ်နာရတာတွေကို ပြသနိုင်ဖို့ ရှာဖွေနေကြတယ် ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ရှေ့နေချုပ်တွေဟာလည်း အလားတူအမှုတွေမှာ Meta ကုမ္ပဏီကို သူ့ရဲ့ လူမှုကွန်ရက်တွေကြောင့် စိတ်လှုပ်ရှားမှု၊ စိတ်ဓာတ်ကျမှု၊ အိပ်မပျော်တာနဲ့ ပညာရေးနဲ့ နေ့ စဉ်ဘဝတို့မှာ အနှောင့်အယှက်ဖြစ်မှု တို့အတွက် စွဲဆိုထားတာတွေကို လိုက်ပါဆောင်ရွက်နေကြပါတယ်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *