၅. ၁. ၂၀၂၃
Written by Myo Khine
ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ မြန်မာတစ်ဦးက သူ၏ဇနီးဖြစ်သူကို သတ်ဖြတ်၍ ရုပ်အလောင်းကို သူငယ်ချင်းနှင့်အတူ အကြိမ်ကြိမ် မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက် သတ်ဖြတ်မုဒိမ်းကျင့်သူ ယင်းတို့နှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၃ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က အမ်ဖိုအွန်းဖန်ခရိုင် နောင်လွန်ခရိုင်ခွဲ တက်ခ်ပြည်နယ် လမ်းဘေး တဲတစ်ခုတွင် မြန်မာဇနီးသည်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် မနော်ကြည်၊ ယင်း၏ ခင်ပွန်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် နိုင်နဲ နှင့် ၎င်း၏ သူငယ်ချင်း အသက် ၁၉ နှစ်အရွယ် စည်သူတို့ အရက်ဝိုင်းထိုင်သောက်ပြီးနောက် သတိမေ့အမူးလွန်နေသော မနော်ကြည် အား ပွေ့ချီကာ ဆိုင်ကယ်ပေါ်တင်၍ မောင်းနှင်ထွက်သွားကြပြီးနောက် တောစပ်တစ်နေရာအရောက်တွင် မနော်ကြည်အား သတ်ဖြတ်ကာ သူငယ်ချင်းဖြစ်သူ စည်သူနှင့် နိုင်နဲ တိုင်ပင်၍ တစ်လှည့်စီ လူသွားလူလာ စောင့်ကြည့်ပြီး မုဒိန်းပြုကျင့်ခဲ့ကြခြင်းဖြစ်ကြောင်း တက်ခ်ခရိုင် အုန်းဖန် ရဲစခန်း၏ မှတ်တမ်းများကို ကိုးကား၍ ထိုင်းဒေသတွင်း သတင်းများတွင် ရေးသားကြသည်။
အသတ်ခံရသူ မနော်ကြည်၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း သတင်းအရ အုန်းဖန်မြို့မ ရဲစခန်းမှ စုံစမ်းရေးမှူး ဒုရဲမှူးကြီး Kamthon Onthong က၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သွားရောက် စစ်ဆေးခဲ့ရာ တောစပ်တစ်နေရာ၌ မနော်ကြည် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း၊ ယင်းကို စစ်ဆေးရာ လည်ပင်းညှစ်သတ်ရန် အဝတ်အိတ်ဖြင့် အသုံးပြုခဲ့ကာ လည်ပင်းတွင် အဝတ်ဖြင့် ပတ်စည်းထားသည့် တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်၌ ထိခိုက်ဒဏ်ရာတွေ့ရှိသည်ဟု မှုခင်းဆေးပညာရဲတပ်ဖွဲ့က ဖော်ထုတ်ထားကြောင်း သိရသည်။
ယင်းကျူးလွန်သူ နှစ်ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်က အုန်းဖန်ရဲစခန်းမှ ရဲမှူးကြီး Suphot Nawaratanarom ၊ တက်ခ်ခရိုင် အုန်းဖန် ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သူ စည်သူ ဆိုသော လူငယ်မှာ ပြစ်မှုကျူးလွန်ပြီးနောက် မြန်မာပြည်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၊ အဆိုပါ ဒေသတွင်း၌ တိမ်းရှောင်နေသော နိုင်နဲ ကိုလည်း ယင်းနေ့တွင် ဖမ်းမိကြောင်း သိရသည်။
ဇနီးဖြစ်သူကို သတ်ဖြတ်၍ ရုပ်အလောင်းကို အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သူ ၎င်းတို့ နှစ်ဦးကို သူတစ်ပါးအပေါ် ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပူးပေါင်းမုဒိမ်းကျင့်ခြင်း၊ အသက်သေသည်အထိ အကြမ်းဖက်ခြင်း၊ ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မရှိဘဲနေထိုင်သော နိုင်ငံခြားသား ဖြစ်ခြင်း စသည့် အမှုများဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာတွေကို ကူညီမှုတွေ လုပ်တဲ့အခါ ထိုင်းနိုင်ငံရဲ့ ဥပဒေကြောင်းအရပဲ လုပ်လို့ရတယ်။ မတရားခံရတာတွေရှိရင် ကျွန်တော်တို့က ကူညီတယ်။ အခုလို ဖြစ်စဉ်မျိုးဆိုရင်တော့ သူ့ကံတရားအတိုင်းပါပဲ သဘောထားရတယ်။ ကျွန်တော်တို့ အနေနဲ့ဆိုရင် မဲဆောက်၊ ချင်းမိုင်၊ ဘန်ကောက် အပါအဝင် ထိုင်းတောင်ပိုင်း၊ မြောက်ပိုင်း ရွှေ့ပြောင်းလုပ်သားတွေ အရေးကို ကွန်ရက်တစ်ခုနဲ့တစ်ခု ချိတ်ဆက်နိုင်သမျှ ချိတ်ဆက် လုပ်ကိုင်တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံသားသတင်းတွေဆိုရင် အခုလိုမျိုး ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်တာမျိုးဆိုရင် ဘယ်လို အဖွဲ့ကပဲ ဖြစ်ဖြစ် လိုက်ပါဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းဒေသတွင်းမှာ နေတဲ့အခါ အတတ်နိုင်ဆုံး လိမ္မာကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ကူညီလာခဲ့တဲ့ အကြိမ်အရေအတွက်လည်း မနည်းတော့ဘူး။ ဒါပေမဲ့ အခုလို ကိစ္စမျိုးကတော့ ခက်ခဲပါတယ်။ အမှုတိုင်းကို လိုက်ပါ ကူညီနိုင်ဖို့ဆိုတာက အဆင်မပြေပါဘူး”ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကိစ္စများတွင် ပါဝင်ကူညီပေးနေသူ တစ်ဦးက MT News သို့ ပြောသည်။
sources – newsch7
photo= newsch7