November 14, 2024

၁၁.၁၁.၂၀၂၄
Written by Thettant

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပမဲ့ တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို မူလစီစဥ်ထားတဲ့ ကျင်းပမယ့်ရက်ကနေ ရာသီဥတုအခြေအနေအရ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြောင်းလဲကျင်းပဖို့ စီစဥ်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲ ဒီနေ့မှာတော့ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေတယ်လို့ သိရပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မူလက နိုဝင်ဘာ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပဖို့ စီစဥ်ခဲ့ပေမဲ့ မိုးလေဝသခန့်မှန်းချက်တွေအရ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ရက်ပြောင်းလဲကျင်းပရာမှာ ဒီညနေ ၆ နာရီက ဖွင့်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ ဖျော်ဖြေမှုတွေ ဆက်လက်လုပ်ဆောင်မှုနဲ့အတူ ဒီညအတွက် ညမီးကြီးနဲ့ စိန်နားပန် ၇ လုံး လွှတ်တင်မယ့် အစီအစဥ်အတိုင်း ​အောင်အောင်မြင်မြင်လုပ်ဆောင်ခဲ့တယ်လို့ သိရပြီး ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ပွဲကျင်းပရေး ကော်မတီ၊ တိုင်းရင်းသား ရိုးရာအက အဖွဲ့တွေ၊ စာပေယဥ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူတွေ၊ မီးပုံးပျံအဖွဲ့တွေ၊ နိုင်ငံအနှံ့က လာရောက်လည်ပတ်သူတွေ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

“ညနေက ပွဲမစခင် မိုးနည်းနည်းတော့ရွာတယ်။ ဒါပေမဲ့ ပွဲမတိုင်ခင် ရပ်သွားသလို ဖွင့်ပွဲလည်း အောင်အောင်မြင်မြင် လုပ်နိုင်ပြီး အဝေရာကွင်းမှာလည်း မီးပုံးပျံလွှတ်တာတွေ အားပေးနေကြတာ အပြည့်အလျှံပါ”လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အခြေအနေအပေါ် အဝေးရောက်တောင်ကြီးသားတွေ အလွမ်းပြေဖို့ Live လွှင့်နေတဲ့အောက်မှာ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်မှာ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး စုစုပေါင်း မီးပုံးပျံ ၂၅၈ လုံးကို လွှတ်တင်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး လက်ရှိမှာ အဝေရာမီးပုံးပျံကွင်းတစ်ခုလုံး ပရိသတ်အပြည့်အလျှံနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပေမဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့တော့ သိရပါတယ်။

ပုံစာ။ တောင်ကြီးတန်ဆောင်တိုင် ဖွင့်ပွဲ မြင်ကွင်းများ (Photo – Channel 11 Taunggyi & Maoung Pae)

Leave a Reply

Your email address will not be published. Required fields are marked *