November 14, 2024

◾️ကထိန် ပဒေသာပင် ၄၉ ပင် အပါအဝင် စုစုပေါင်းကျပ်သိန်း ၁၃၀၀ ကျော် လှူဒါန်း

၁၁. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ တွဲဖက်ရွှေကျင် သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာ တော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

SAC ဥက္ကဋ္ဌသည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်များသည် ကထိန်ခံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက်သို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး SAC ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူခဲ့ပြီး SAC ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် SAC ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံမှ ရေစက် သွန်းတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၉ ပင်၊ တန်ဖိုးငွေ ၅၃,၂၃၃,၃၄၀ နှင့် လှူဒါန်းငွေ ၈၀,၆၉၀,၈၀၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၁၃၃,၉၂၄,၁၄၀ ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *