November 14, 2024

၁၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာ့တပ်မတော်အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ခိုင်မာမှုကို လိုလားတဲ့ကြိုးစားအားထုတ်မှုတွေရှိတယ်ဆိုတာ မီးမောင်းထိုးအလေးပေးတဲ့အနေနဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးတဲ့ တပ်မတော်က နိုင်ငံ့အာဏာကို ထိန်းခဲ့ပြီးနောက် ဒီခရီးစဉ်က သူ့ရဲ့ တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။

သူက တရုတ်နိုင်ငံအတွင်းမှာ နိုဝင်ဘာလ ၆ ရက်နဲ့ နိုဝင်ဘာလ ၇ ရက်တို့မှာ မဟာမဲခေါင်ဒေသနိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲအပါအဝင် ဆွေးနွေးပွဲတော်တော်များကို တက်ရောက်ခဲ့ပါတယ်။ မဟာမဲခေါင်ဒေသ ထိပ်သီးဆွေးနွေးပွဲကတော့ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှငါးနိုင်ငံ တူတူ တက်ရောက်ခဲ့တာပါ။ ဒီ ခရီးစဉ်ကတော့ မြန်မာခေါင်းဆောင်ရဲ့ ပထမဆုံး အဓိကကျတဲ့ ပြည်ပခရီးစဉ်လို့လည်းဆိုရမှာဖြစ်ပြီး သူ က ကူမင်းမြို့နဲ့ ချုံကျင့်မြို့တို့မှာ အဆင့်မြင့် အရာရှိကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကာ အဲဒီမြို့တွေက ကုမ္ပဏီတွေကိုလည်း သွားရောက်ကြည့်ရှု လည်ပတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နဲ့ ဆွေးနွေးပွဲမှာတော့ မြန်မာခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရကို ထောက်ခံတယ်ဆိုတဲ့ အချက်ကိုအတည်ပြုရယူနိုင်ခဲ့ပါတယ်။ သူက ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တို့နဲ့ လည်း သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်ဖက်အနီးကပ်အကျိုးတူဆက်ဆံရေးတွေနဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာ တပ်မတော်အစိုးရက ပြုလုပ်မယ့်ရွေးကောက်ပွဲတို့အတွက် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဟွန်မာနက်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအခြေအနေကို မကြာမီငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မယ်လို့ ပြောကြားခဲ့တယ်လို့ Phnom Penh Post သတင်းစာကဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ လက်ရှိဝန်ကြီးချုပ်တွေရဲ့ ဖခင်တွေ ဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်ထရာနဲ့ ဟွန်ဆန်တို့ လက်ထက်ထဲက ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့တာလို့ ဆိုရမှာပါ။

မြန်မာနိုင်ငံမှာ တပ်မတော်အာဏာထိန်းအပြီး လူမျိုးစုလက်နက်ကိုင်တွေရဲ့ ပုန်ကန်မှုတွေ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ရှမ်းပြည်နယ်အတွင်း စတင် ဖြစ်လာရပြီးနောက် မြန်မာ့တပ်မတော်အနေနဲ့ ခံစစ်အနေအထားမှာရှိခဲ့ကာပုန်ကန်မှုတွေက တခြားနယ်တွေကိုလည်း ပျံ့နှံ့ခဲ့ရပါတယ်။ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ခရီးစဉ်က မြန်မာအစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ယုံကြည်လေးစားမှုနဲ့ထောက်ခံမှုတို့ကို ရရှိတယ်ဆိုတာ တစ်စိတ်တစ်ပိုင်းထုတ်ဖော်ပြသတာလို့လည်း ဆိုရမှာပါ။

တရုတ်နိုင်ငံနဲ့ အာဆီယံရဲ့ အချို့သော အဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ တပ်မတော်ကခေါင်းဆောင်ပြီး ပြန်လည်ခေါင်းထောင်လာအောင် ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပုံရပါတယ်။ ဒါက ဒေသအတွင်း တရုတ်၊ ဗီယက်နမ်၊ လာအိုနဲ့ တစ်ပါတီစနစ်ကျင့်သုံးတဲ့ ကမ္ဘောဒီးယားတို့အပါအဝင် ဒီမိုကရေစီမကျတဲ့အစိုးရတွေရဲ့ ညီညွတ်မှုစွမ်းအားဖြင့်လာတာလို့လည်း ဆိုနိုင်ပါတယ်။

အာဆီယံအတွင်းမှာလည်း မြန်မာနိုင်ငံအရေးအပေါ် မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေရဲ့ သဘောထားက တပ်အစိုးရ အာဏာထိန်းထားတာကို မလိုလားတဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့နဲ့ ကွဲလွဲမှုတွေ ဖြစ်နေရပါတယ်။ အနောက်အုပ်စုသံတမန်တစ်ဦးကတော့ ဒေါ်နယ်ထရန့် သမ္မတဖြစ်အပြီးမှာ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက အလေးထားမှုရှိနေတဲ့စာရင်းက လျော့ကျသွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ်အတွက်တော့ မဲခေါင်ဒေသနိုင်ငံတွေက ထောက်ပံ့ပို့ဆောင်ရေးနဲ့အခြေခံ အဆောက်အအုံတည်ဆောက်ရေးတို့အတွက် အရေးကြီးတဲ့ကဏ္ဍမှာရှိလာနေပါတယ်။ဒါကလည်း တရုတ်အစိုးရအနေနဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက် Belt and Road Initiative ရဲ့ အခြေခံ အဆောက်အအုံတွေကတစ်ဆင့် စီးပွားရေးလုံခြုံမှုရှိစေဖို့ ဦးတည်လာပြီးကတည်းကပါပဲ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ မော်နင်းက နိုဝင်ဘာလ ၇ ရက်က ပြုလုပ်တဲ့ပုံမှန် သတင်းစာရှင်းပွဲမှာ ဝန်ကြီးချုပ် လီချန်း အနေနဲ့ တရုတ်နဲ့ မဲခေါင်နိုင်ငံတွေဟာ ပထဝီအနေအထားအရ ကပ်လျက်တည်ရှိတာနဲ့ပြည်သူအချင်းချင်း နှီးနွယ်မှု ရှိနေတာတွေအပြင် ယဉ်ကျေးမှုအရ နီးစပ် ဆက်စပ်နေတာတွေကို အလေးထားပြောသွားတယ်လို့ ဆိုခဲ့ပါတယ်။ မော်နင်းက ဒီနိုင်ငံတွေဟာ မိသားစုတစ်ခုလို ဆိုးတူကောင်းဘက် မျှဝေခံစားတဲ့အနာဂတ်ကိုပိုင်ဆိုင်ကြမှာပါလို့ မော်နင်းက ပြောခဲ့ပါတယ်။

မဲခေါင်နိုင်ငံငါးနိုင်ငံဖြစ်တဲ့ ထိုင်းလင်း၊ ဗီယက်နမ်၊ မြန်မာ ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကလည်း စာရင်းဇယားအရ သိသာထင်ရှားနေပါတယ်။ သူတို့က အကြမ်းအားဖြင့် အာဆီယံရဲ့ ၄၀ ရာခိုင်နှုန်းသော လူဦးရေရှိပြီး ပြည်တွင်းအသားတင်ထုတ်ကုန် ဂျီဒီပီ တိုးတက်မှု ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ သူတို့နိုင်ငံတွေမှာ လူငယ်တွေအရေအတွက်ကလည်းများတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်မှာပါ။

မြန်မာနိုင်ငံမှာဆိုရင် အစိုးရက တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်မှုတိုးလာကာ မြန်မာအစိုးရအပေါ် ပိုလို့ထောက်ခံအသိအမှတ်ပြုလာခြင်းနဲ့အတူ အစိုးရဆန့်ကျင်ရေးအင်အားစုတွေကလည်း သူတို့ရဲ့ ပုန်ကန်မှုကိုအဆင့်မြှင့်ဖို့ ကြိုးစားလာကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာပြီးမကြာခင်မှာပဲ နေပြည်တော်နဲ့ ရန်ကုန် ရှိ တပ်မတော်(လေ) လေဆိပ်တွေအနီးမှာ ဗုံးခွဲမှု တွေဖြစ်ခဲ့ပါတယ်။ မကြာခင်က မန္တလေးရှိတရုတ်ကောင်စစ်ဝန်ရုံးမှာ ဗုံးကွဲမှုလည်း ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် နိုင်ငံတကာဆက်ဆံရေးမှာရော ၊ ပြည်တွင်းတိုက်ခိုက်မှုတွေမှာပါ မြန်မာအစိုးရအတွက် အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်က အကောင်းဘက်ကို ဆောင်ကြဉ်းပေးခဲ့နိုင်တယ်လို့ သုံးသပ်ရမှာပါ။

Ref- Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *