၅. ၁. ၂၀၂၃
Written by Nay Aung
ပြီးခဲ့သည့် သီတင်းပတ်က ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ထပ်မံချမှတ်ခံရသော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က ထပ်မံ တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရသည်။
နေပြည်တော်ရှိအထူးတရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော လာဘ်ပေးလာဘ်ယူအမှုများနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၇ နှစ် ထပ်မံပြစ်ဒဏ်ချမှတ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
” ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ဆုံး ပြစ်ဒဏ်ချခဲ့ခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေသလို စိတ်မကောင်းဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်က ဆိုသည်။
ထို့အပြင် ၎င်းက” လူအခွင့်ရေးကြေညာစာတမ်းမှာ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှရေးမူတွေကို ပြဌာန်းထားတယ်။ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံးဟာ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေကို ဆုံးဖြတ်ချက်မချမီ အပြစ်ကင်းတယ်လို့ မှတ်ယူပြီး အများပြည်သူရှေ့တရားစီရင်ပြီး မျှတတဲ့ စီရင်ချက်တွေချမှတ်ရမှာဖြစ်တယ်။ ဒါ့အပြင် တရားရင်ဆိုင်နေရသူတွေကိုလည်း လိုအပ်တဲ့ခုခံကာကွယ်မှုတွေပေးရမှာဖြစ်တယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအပေါ် စွဲဆိုချမှတ်ခဲ့သောစွဲချက်များနှင့်ပတ်သတ်ပြီး ငြင်းဆန်ခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်အပြင် ဖမ်းဆီးထားသည့်နိုင်ငံရေးအကျဉ်းသား ၁၃၀၀၀ကျော်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် SAC က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်မံချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ref aninews.in