၁၁. ၁၁. ၂၀၂၄
Translated by Thettant
ထိုင်းနိုင်ငံ၊ စူရက်ဌာနီပြည်နယ်၊ ကော့စမွိုင်မြို့က
အလှပြင်ဆိုင် တစ်ခုမှာ တရားမဝင် အလုပ်လုပ်မှုနဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြပါတယ်။
မြန်မာ ရွှေ့ပြောင်းလုပ်သား ၅ ဦးဟာ ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့ စမွိုင်ကျွန်းပေါ်က Perfect Nails ဆိုတဲ့ လက်သည်းအလှပြင်ဆိုင်မှာ အလုပ်လုပ်နေချိန် နိုဝင်ဘာ ၈ ရက်မှာ ထိုင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူတွေက အသက် ၂၈ နှစ်အရွယ် ပွင့်၊ ၂၉ နှစ်အရွယ် ဇဝါ၊ ၂၄ နှစ်အရွယ် ခင် ဆိုတဲ့ အမျိုးသမီး ၃ ဦးနဲ့ ၂၂ နှစ်အရွယ် မော်၊ ၂၉ နှစ်အရွယ် ဝင်း ဆိုတဲ့ အဖျားဆွတ် နာမည်ဖော်ပြခံထားရတဲ့ အမျိုးသားနှစ်ဦးတို့ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပွင့်၊ ခင်နဲ့ ဝင်းကို ခွင့်ပြုထားတဲ့ အလုပ်အကိုင်ထက် ကျော်လွန်လုပ်ကိုင်မှု၊ ဇဝါကို တရားမဝင် ဝင်ရောက်မှုနဲ့ ခွင့်မပြုထားတဲ့အလုပ်လုပ်ကိုင်မှု၊ မော်ကို ခွင့်ပြုမိန့်မရှိဘဲ ရက် ၁၀၀ ကျော် အလုပ်လုပ်ကိုင်မှု စတာတွေနဲ့ တရားစွဲဆိုထားတာပါ။
ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ အလုပ်တွေမှာသာ လုပ်ခွင့်ပြုပြီး ကျန်အလုပ်တွေလုပ်ရင် တရားမဝင်လုပ်တယ်ဆိုပြီး ဖမ်းဆီးလေ့ရှိသလို မြန်မာ အလုပ်သမားတွေ တရားဝင်လုပ်ခွင့်ပြုထားတဲ့ အလုပ်တွေဟာ ညစ်ပတ်တဲ့၊ အန္တရာယ်များတဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အလုပ်တွေကိုသာ ခွင့်ပြုထားတာ ဖြစ်ပြီး လက်ရှိကာလမှာ ထိုင်းရဲတပ်ဖွဲ့ဟာ အရည်အသွေးမမှီတဲ့ခရီးစဥ်တွေကို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ၊ အဆင့်နိမ့်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို မြင့်မားတဲ့စျေးနှုန်းနဲ့ လိမ်လည်ရောင်းချတာ၊ ခရီးသွားတွေကို အမြတ်ထုတ်တဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးရောင်းချတာ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေ၊ ခရီးသွားတွေ ဘေးကင်းရေးစံနှုန်းချိုးဖောက်မှုတွေ၊ ခရီးသွားတွေကို ထိခိုက်တဲ့ရာဇဝတ်မှုတွေ၊ ခရီးသွားဒေသတွေမှာ လက်နက်ကိုင်ဆောင်မှုတွေကို စစ်ဆေးအရေးယူဖို့ နှိမ်နင်းဖို့ ခွင့်ပြုချက်ရရှိထားတယ်လို့ သိရပါတယ်။
Ref , Khaosod