November 14, 2024
photo_2024-11-11_15-46-26

၁၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန့် အနိုင်ရခဲ့ပြီးတဲ့နောက် စစ်ရေးအထောက်အပံ့တွေပေးနေတာကို ရပ်တန့်မှာစိုးရိမ်နေရတဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးရဲ့ အမေရိကန်ထံမှ မြေပြင်မှ မြေပြင်ပစ် ATACMS အမျိုးအစား နည်းဗျူဟာမြောက် ဒုံးကျည်တွေ ရရှိဖို့တောင်းဆိုခဲ့တာကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်မှာ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ယူကရိန်းသမ္မတထံ တုံ့ပြန်ရာမှာ တောင်းဆိုမှုနဲ့ပတ်သက်လို့ အမေရိကန်ထံမှ ATACMS ဒုံးကျည်တွေ ဝယ်ယူရရှိဖို့ ကြာရှည်စွာစောင့်ဆိုင်းနေတဲ့ ဖောက်သည်နိုင်ငံတွေရှိတာကြောင့် အရောင်းအဝယ်တွေကို ချိုးဖောက်ပြီး ယူကရိန်းကို ဒီဒုံးကျည်တွေ မပေးနိုင်ပါဘူးလို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ လွိုက်က ဇယ်လန်စကီးရဲ့ ATACMS ဒုံးကျည်တွေကို တောင်းဆိုတာက လွန်လွန်းအားကြီးပါတယ်လို့လည်း ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရက အရေအတွက် အတိအကျမသိရတဲ့ MGM-140 နည်းဗျူဟာမြောက်ဒုံးကျည်တွေလည်း ယူကရိန်းသို့ ပို့ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ယူကရိန်းအစိုးရက ဒီထက်ပိုပြီး ထပ်ပို့ပေးဖို့ တောင်းလာခဲ့တာ လတော်တော်ကြာပါပြီ။ ဒီလိုပဲ ရုရှားနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်ခွင့်ပေးဖို့လည်း အမေရိကန်အစိုးရကို တောင်းဆိုနေတာပါ။

ဒါပေမယ့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း နောက်ထပ် ဒုံးကျည်တွေပို့ပေးဖို့ အတော်လေး နောက်တွန့်နေခဲ့ပါတယ်။ ရုရှားအစိုးရအနေနဲ့ သူ့နိုင်ငံတွင်း တန်ဖိုးရှိတဲ့ပစ်မှတ်တွေကို နေရာပြောင်းရွှေ့ထားခဲ့ပြီလို့ အမေရိကန်အစိုးရက ငြင်းခုန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်စစ်ဖက်အနေနဲ့ ATACMS ဒုံးကျည်တွေကို သိုလှောင်ထားရှိရာမှာ ကန့်သတ်ချက်ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ နေတိုးမဟာမိတ်တွေက တာဝေးပစ်နိုင်တဲ့ ATACMS နည်းဗျူဟာမြောက် ဒုံးကျည်သုံးမျိုးကို ယူကရိန်းကို ထောက်ပံ့ထားခဲ့တာပါ။ အမေရိကန်ရဲ့ ATACMS နည်းဗျူဟာမြောက် ဒုံးကျည်တွေက ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်က ထောက်ပံ့ထားတဲ့ စကတ် (SCALP) ဒုံးကျည်တွေကတော့ ကီလိုမီတာ ၂၅၀ အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ်။ ယူကရိန်းအစိုးရက အဲဒီဒုံးကျည်တွေကို ရုရှားနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေနဲ့ မြို့ပြဧရိယာတွေကို အသုံးပြုခဲ့ပါတယ်။ ခရိုင်းမီးယားဒေသ ဆီဗာစတိုပေါလ်မြို့ သဲသောင်ပြင်တစ်ခုကို ပစ်ခတ်ခဲ့တာမှာဆိုရင် လူလေးဦး သေပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ရပါတယ်။

သူ့ရဲ့ နောက်ဆုံးအခေါက် ဝါရှင်တန်မြို့ခရီးစဉ်မှာဆိုရင် ဇယ်လန်စကီးက ကီလိုမီတာ ၂,၄၀၀ အကွာအဝေးထိပစ်နိုင်တဲ့ တွမ်ဟော့က်ဒုံးကျည်တွေကိုတောင် တောင်းဆိုခဲ့တာလို့ သိရပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ တကယ်လို့ ယူကရိန်းအနေနဲ့ ပြည်ပလက်နက်တွေသုံးပြီး ရုရှားနိုင်ငံအတွင်းပိုင်းထိ တိုက်ခိုက်လာနိုင်တာတွေကို အနောက်အုပ်စုက ခွင့်ပြုခဲ့ရင် နေတိုးနဲ့ ရုရှားအကြားစစ်ပွဲ ဆင်နွှဲရမှု ဖြစ်ရလိမ့်မယ်။ နျူကလီးယားလက်နက်မပိုင်တဲ့ နိုင်ငံတစ်ခုက နျူကလီးယားပိုင်တဲ့နိုင်ငံကြီးတစ်ခုအကူအညီနဲ့ ရုရှားကို တိုက်ခိုက်လာရင် ဒါက ရုရှားနိုင်ငံကို ပူးတွဲတိုက်ခိုက်တာလို့ မှတ်ယူပြီး လက်တုံ့ပြန်ရလိမ့်မယ်။ ဒါကို ယူကရိန်းရဲ့ အနောက်အုပ်စုထောက်ခံသူတွေ ကြားသိကြဖို့မျှော်လင့်တယ်လို့ သတိပေးခဲ့ပါသေးတယ်။

Ref -RT International

Leave a Reply

Your email address will not be published. Required fields are marked *