November 14, 2024
photo_2024-11-11_14-10-36

၁၁. ၁၁. ၂၀၂၄
Written by Tha Doe

မြန်မာ-တရုတ်နယ်စပ်မှာရှိသည့် ကျယ်ဂေါင်မြို့မှ ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းများအားလုံးကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်မှ စတင်ကာ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကသာ ဝင်ထွက်ရမည်ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရဂိတ်ဆိုင်ရာရုံးခန်းက ထုတ်ပြန်ထားသည်။

ဂိတ်လုပ်ဆောင်မှုအနေအထားအရ လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း စသည်ဖြင့် ကုန်စည်များကို ဖြတ်သန်းသွားလာခွင့်မပြုသော လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံအတွင်းသို့ သယ်ဆောင်ခွင့်မပြုတော့ကြောင်းနှင့် ကျယ်ဂေါင်မြို့မှ ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းများအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့်သာ ဝင်ထွက်ရမည်ဖြစ်ကာ အဆိုပါသတ်မှတ်ချက်မှာ ယနေ့ နိုဝင်ဘာ ၁၁ ရက် ပေကျင်းစံတော်ချိန် ၈ နာရီမှ စတင်အသက်ဝင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ် – မြန်မာ နယ်စပ်ဂိတ် ကျယ်ဂေါင်ကို လူဝင်လူထွက်ပဲ ခွင့်ပြုတော့ပြီး ကုန်ပစ္စည်းတင်ပို့မှုကိုတော့ ဒီနေ့ကစ ယာယီရပ်သွားပြီး ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကပဲ တင်ရသွင်းရမယ်လို့ သတ်မှတ်လိုက်တာပေါ့။ ဒီလို ပိတ်တော့ တစ်နိုင်တစ်ပိုင်သွင်းသူတွေကတော့ အခက်တွေ့သွားတာပေါ့။ ဘာဆက်ဖြစ်မလဲဆိုရင်တော့ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တွေက ပြန်လက်မလွှတ်မချင်း တရုတ်နိုင်ငံဘက်က ပိတ်ဆို့ထားမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီဒေသတွေက ပြည်သူတွေအဖို့တော့ လက်နက်ကိုင်တွေနှစ်ဖက်ကြား ညပ်ပြီး အခက်ကြုံကုန်တာပေါ့။ ပြည်တွင်းကိုတော့ တရားဝင်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေ ဖွင့်ပေးထားလို့ ကုန်စည်ပြတ်လပ်စျေးတက်တာမျိုးတွေ ဖြစ်လာမယ်လို့တော့ မထင်ပါဘူး” ဟု မူဆယ်၊ ကျယ်ခေါင် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ကနဦးသိရသည့် အခြေအနေအပေါ် MT News ကို ပြောသည်။

တရုတ်- မြန်မာ နယ်စပ်ဂိတ်များကို သောင်းကြမ်းသူ အကြမ်းဖက် လက်နက်ကိုင်များအဖြစ် သတ်မှတ်ထားသည့် KIA ၊ TNLA ၊ MNDAA တို့က တိုက်ခိုက်သိမ်းယူပြီးနောက် တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များ ပိတ်ကာ ကုန်ပစ္စည်းအဝင်အထွက် တင်းကျပ်လာခြင်းဖြစ်သလို အဆိုပါ နယ်စပ်ဂိတ်များသည် နှစ်နိုင်ငံအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာ တည်ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေး ကူညီသွားမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က SAC ဥက္ကဋ္ဌနှင့် နိုဝင်ဘာ ၆ ရက်တွင် တွေ့ဆုံစဉ် ‌ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *