November 15, 2024
photo_2024-11-11_13-14-04

၁၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဘလူးချိစတန်ပြည်နယ်မြို့တော် ကွတ်တာမြို့အတွင်း ရထားဘူတာရုံတစ်ခုမှာ နိုဝင်ဘာလ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတစ်ရပ်မှာ သေဆုံးသူဦးရေ အနည်းဆုံး ၂၆ ဦးနဲ့ ဒဏ်ရာရရှိသူဦးရေ အနည်းဆုံး ၄၀ ဦးကျော်ရှိလာပြီလို့ နိုဝင်ဘာလ ၁၀ ရက်မှာ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

ဗုံးခွဲမှုက အသေခံဗုံးခွဲမှုဖြစ်ဖွယ်ရှိပြီး ခြေမြန်တပ်ဖွဲ့သင်တန်းကျောင်းတစ်ခုက စစ်ဘက်ပုဂ္ဂိုလ်တွေကိုပစ်မှတ်ထားတိုက်ခိုက်တာလို့ ယူဆရတယ်ဆိုတာ ဘလူးချိစတန်ပြည်နယ်ရဲ့ ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ် မိုဇမ်ဂျာ အန်ဆာရီက ပြောခဲ့ပါတယ်။

ပေါက်ကွဲမှုမှာနေရာတွင် ၂၄ ဦးသေဆုံးခဲ့ရတာဖြစ်ပြီး ဆေးရုံကိုသယ်ဆောင်လာတဲ့ ဒဏ်ရာရရှိသူ ၄၄ ဦး ရှိခဲ့တဲ့အနက် အများစုက ပြင်းထန်ဒဏ်ရာတွေရထားကြတယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဝါဆင်ဘေ့ဂ်က ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်တဲ့ မူဟာမက် ဘလော့က အသေခံဗုံးခွဲမှုလို့ယူဆရတဲ့ အဲဒီဗုံးခွဲမှုဟာ ပက်ရှ်ဝါမြို့ကိုသွားမယ့် အမြန်ရထား ထွက်တော့မယ့်အချိန်မှာ ဘူတာရုံအတွင်းဖြစ်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

ကွတ်တာမြို့ရဲ့ အဓိကဘူတာကြီးမှာဖြစ်ခဲ့ရတဲ့ အဲဒီဗုံးကွဲမှုအတွက် ဘယ်အုပ်စုကမှတော့ သူတို့ လက်ချက်လို့ ပြောလာခြင်းမရှိသေးပါဘူး။ ဗုံးကွဲတဲ့အချိန်က ဒီဘူတာကြီးမှာ ခရီးအသွားအလာများပြားပြီး လူစည်ကားတဲ့နံနက်ပိုင်းဖြစ်လို့ သေဆုံးထိခိုက်မှုတွေများခဲ့တာလို့ သိရပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့ နိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးသမား လူမျိုးစုစစ်သွေးကြွအုပ်စုတွေနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ အစ္စလာမ္မစစ်သွေးကြွတွေရဲ့ တိုးမြင့်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဒဏ်တွေကို ခံနေရတာပါ။

ဩဂုတ်လအတွင်းကလည်း ဘလူးချိစတန်ပြည်နယ်မှာပဲ ခွဲထွက်ရေးသမားစစ်သွေးကြွတွေက ရဲစခန်းတွေ၊ မီးရထားလမ်းတွေနဲ့ အဝေးပြေးလမ်းတွေကို တိုက်ခိုက်ခဲ့ကြတာကြောင့် အနည်းဆုံး လူ ၇၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ တရုတ်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ စီမံကိန်းနဲ့ သတ္တုတွင်းစီမံကိန်းတွေပါရှိတဲ့ သယံဇာတတွေပေါကြွယ်ဝတဲ့ ဘလူးချိစတန်ပြည်နယ်ကို ခွဲထွက်ခွင့်ရရေးအတွက် စစ်သွေးကြွတွေက ပုန်ကန်တိုက်ခိုက်လာတာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီ။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *