၁၁. ၁၁. ၂၀၂၄
Written by Nyein Kyaw
လက်ရှိတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝမပို့လွှတ်နိုင်သည့် အခြေအနေများကြောင့် ဓာတ်အားအပြည့်အဝ ပို့လွှတ်နိုင်ရေးအတွက် မိတ္ထီလာမြို့နယ်၌ တည်ဆောက်နေသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းအား လာမည့် ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တည်ဆောက်နေသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယမန်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ချိန် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှု စုစုပေါင်း ၅၄၈၃ မဂ္ဂါဝပ်ရှိသော မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံ ၃ဝ ခု၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ခု၊ ကျောက်မီးသွေးသုံးစက်ရုံ ၂ ခု၊ နေရောင်ခြည်သုံးစွမ်းအင်စက်ရုံ ၈ ခုတို့မှ စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၇၂၄၈ မဂ္ဂါဝပ်အထိရှိသည့်အတွက် စက်များအား စွမ်းအားပြည့် မောင်းနှင်နိုင်ပါက လုံလောက်မှုရှိသည်။
လက်ရှိတွင် ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလအတွင်း ၂၃၀ ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ ဓာတ်အားပို့လွှတ်ပေးနေရခြင်းအပြင် ဓာတ်အား ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလာသဖြင့် သဘာဓာတ်ငွေ့မှ လျှပ်စစ်ထုတ်မှုများလည်း လျော့ကျနေသောကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်တော့သည်။
လက်ရှိတည်ဆောက်နေသည့် ၅၀၀ ကေဗွီဓာတ်အားလိုင်းခွဲများ ရာနှုန်းပြည့်ပြီးစီးမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက ပြောကြားထားသည်။