၅. ၁. ၂၀၂၃
Written by Ye Kyaw
၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာရောင်းချရမှု ၁ ဒသမ ၆၆၇ သန်းကျော်ရှိပြီး တန်ဖိုးကျပ်ဘီလျံ ၇ ဒသမ ၄၂၄ ဘီလျံကျော်အထိရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment Public Company Limited (FMI)၊ Myanmar Thilawa SEZ Holdings Public Company Limited (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB)၊ TMH Telecom Public Company Limited (TMH)၊ Ever Flow River Group Public Company Limited (EFR)၊ Amata Holding Public Company Limited (AMATA) စသည့် စာရင်းဝင်ကုမ္ပဏီ (၇) ခုက အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။
အဆိုပါ တစ်နှစ်အတွင်း FMI ကုမ္ပဏီမှ အစုရှယ်ယာ ၁၉၆,၉၈၁ ခု အရောင်းအဝယ်ဖြစ်မှု ကျပ် ၁ ဒသမ ၇ ဘီလျံကျော်၊ MTSH ကုမ္ပဏီမှ အစုရှယ်ယာ ၁,၂၀၈,၄၆၂ ခု အရောင်းအဝယ်ဖြစ်မှု ကျပ် ၃ ဒသမ ၇ ဘီလျံကျော်၊ MCB ကုမ္ပဏီမှ အစုရှယ်ယာ ၅၁,၉၄၄ ခု အရောင်းအဝယ်ဖြစ်မှု ကျပ်သန်း ၄၀၀ ကျော်၊ FPB ကုမ္ပဏီမှ အစုရှယ်ယာ ၅၆,၅၃၈ ခု အရောင်းအဝယ်ဖြစ်မှု ကျပ်တစ်ဘီလျံကျော်၊ TMH ကုမ္ပဏီမှ အစုရှယ်ယာ ၇၇,၁၁၆ ခု အရောင်းအဝယ်ဖြစ်မှု ကျပ်သန်း ၂၀၀ ကျော်၊ EFR ကုမ္ပဏီမှ အစုရှယ်ယာ ၃၈,၈၃၄ ခု အရောင်းအဝယ်ဖြစ်မှု ကျပ်သန်း ၁၀၀ ကျော်၊ AMATA ကုမ္ပဏီမှ အစုရှယ်ယာ ၃၇,၅၅၉ ခု အရောင်းအဝယ်ဖြစ်မှု ကျပ်သန်း ၁၈၀ ကျော် အသီးသီး ရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများမှာ FMI အစုရှယ်ယာတစ်စုလျှင် ၈,၇၀၀ ကျပ်၊ MTSH အစုရှယ်ယာတစ်စုလျှင် ၃,၃၀၀ ကျပ်၊ MCB အစုရှယ်ယာတစ်စုလျှင် ၇,၇၀၀ ကျပ်၊ FPB အစုရှယ်ယာတစ်စုလျှင် ၁၈,၅၀၀ ကျပ်၊ TMH အစုရှယ်ယာတစ်စုလျှင် ၂,၅၅၀ ကျပ်၊ EFR အစုရှယ်ယာတစ်စုလျှင် ၂,၇၅၀ ကျပ်၊ AMATA အစုရှယ်ယာတစ်စုလျှင် ၄,၉၀၀ ကျပ် အသီးသီးရှိခဲ့သည်။