၁၁. ၁၁. ၂၀၂၄
Written by Nyein Kyaw
ငွေကြေးဈေးကွက်ကို မတည်ငြိမ်အောင်လှုံ့ဆော်ပြီး ဘဏ်စနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေအပေါ် ဈေးကစားရန်နှင့် ကုန်ဈေးနှုန်းမြင့်တက်လာအောင် လုပ်ဆောင်နေသည့် လူမှုကွန်ရက် Page၊ Group များနှင့် Admin များကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော၊ ငွေရေးကြေးရေးနှင့် ငွေရေးကြေးရေးဈေးကွက် တည်ငြိမ်ရေးကို မလိုလားသောအဖျက်သမားများသည် Social Media Platform ဖြစ်သည့် Facebook Group များဖြစ်သော “အခေါက်ရွှေ ရောင်းသူ ဝယ်သူ တိုက်ရိုက်” Public Group နှင့် “Gold” Public Group စသည်တို့မှတစ်ဆင့် Profile အတုများ၊ Lock ချထား Profile များ၊ အမည်မဖော်ရဲသဖြင့် Anonymous participant အမည်များ အသုံးပြု၍ မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ် ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် ဈေးကစားရန်၊ ကုန်ဈေးနှုန်း ကြီးမြင့်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည့်အပြင် အခြေအမြစ်မရှိသည့် သတင်းမှားများဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏလုပ်ကြံ ရေးသားလျက်ရှိကြောင်းလည်း တွေ့ရှိရသည်။
အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူလူထုအမှန်အတိုင်း သိရှိစေရန်အတွက် ဗဟိုဘဏ် Website တွင် ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်သည်။ မည်သည့်ဘဏ်မျှ ပိတ်သိမ်းရသည့်အခြေအနေ၊ ပိတ်သိမ်းရန်အစီအစဉ် လုံးဝမရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများ ဖျက်သိမ်းခြင်း၊ အသစ်ထုတ်ဝေခြင်းများကို ပြုလုပ်ရန်အစီအစဉ်မရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုကို ပျက်ပြားစေလိုသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသော လူပုဂ္ဂိုလ်များ ၊ Page/ Group များ၏ Admin များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ် စေရေးအတွက် ပြင်ပမှဖြန့်ဝေလျက်ရှိသည့် ကောလာဟလ သတင်းများအား ယုံကြည်မှုမရှိကြရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်ဝေထားသည့် ငွေစက္ကူများအား ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများထံတွင် ငွေကြေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများဖြစ်သည့် ငွေအပ်နှံခြင်း၊ ငွေလွှဲပြောင်း/လက်ခံခြင်း စသည့် ငွေကြေး ဝန်ဆောင်မှုများအား ယုံကြည်စိတ်ချစွာရယူနိုင်ကြောင်း အသိပေးကြေညာထားသည်။
ပြီးခဲ့သည့် မတ်လပိုင်းတွင်လည်း လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များမှတစ်ဆင့် ကျပ် ၂၀,၀၀၀ တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ထွက်လွှင့်ပြီး မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ် ခဲ့ပြီး ဗဟိုဘဏ်မှ ပြန်လည်ဖြေရှင်းပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း တစ်ဒေါ်လာ ကျပ် ၁၀,၀၀၀ နှင့် ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်ရန်ကြိုးစားခဲ့ချိန် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့သဖြင့် ဒေါ်လာဈေးနှုန်း ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေခဲ့သလို ပြည်တွင်း မော်တော်ကား အမျိုးအစားတချို့ ဈေးနှုန်းကျဆင်းနေချိန် ယခင်ပုံစံအဟောင်းအတိုင်း ဈေးနှုန်းဆွဲတင်ရန် ကောလာဟလများထုတ်လွှင့်နေခြင်းဖြစ်သည်။