November 14, 2024
photo_2024-11-11_11-59-02

◾ မလိုလားအပ်တဲ့ အထင်အမြင်လွဲမှု မဖြစ်ပေါ်စေရေး အကယ်ဒမီဆုရနိုင်သူတွေကို ဆုရွေးချယ်ရေးအဖွဲ့မှာ ထည့်သွင်းဖွဲ့စည်းခြင်းမပြုဖို့ပါ အသိပေး

၁၁.၁၁.၂၀၂၄
Written By Thandar

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်မှာ ကျင်းပဖို့စီမံနေလျှက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အကယ်ဒမီပေးပွဲ ကျင်းပမယ့်အကြောင်းကို နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမမှာကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်ဖို့ စီမံထားတယ်။ ဒီအခမ်းအနားကို အရင်နှစ် ကျင်းပခဲ့တဲ့ အစဉ်အလာအတိုင်း ခမ်းနားတင့်တယ်စွာ ကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားလိုပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေ ချီးမြှင့်ရေးနှင့်ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ အနုပညာရှင်တွေ ရရှိစေဖို့အတွက် ဆုတွေအကဲဖြတ်စိစစ်ရေးအဖွဲ့က စနစ်တကျ ဖွဲ့စည်းတာဝန်ပေးဖို့လိုအပ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

အဆိုပါစိစစ်ရေးအဖွဲ့တွေက အတ္တကင်းကင်း၊ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ ရွေးချယ်ပေးမယ့် ပုဂ္ဂိုလ်တွေ တာဝန်ပေးအပ်ဖို့ လိုအပ်ကြောင်း အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိတဲ့ ပုဂ္ဂိုလ်တွေက အစထဲက ဆုတွေ အကဲဖြတ်စိစစ်ရေးအဖွဲ့တွေက တာဝန်ပေးအပ်ဖို့ မပြုသင့်‌ကြောင်း၊ အကဲဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ်တဲ့ အထင်အမြင် လွဲမှားမှုတွေ ကြုံတွေ့ရနိုင်ကြောင်း၊ ယခုကျင်းပမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံစိတ်နဲ့ အောင်မြင်စွာကျင်းပသွားဖို့လည်း ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ယခင်နှစ်ကျင်းပခဲ့တဲ့ အခမ်းအနားက ရရှိခဲ့တဲ့ အားသာချက်၊ အားနည်းချက်‌တွေ ဒီနှစ် အခမ်းအနားမှာ တာဝန်ခွဲဝေဆောင်ရွက်မယ့် အစီအစဉ်ကိုလည်း တင်ပြခဲ့ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။

#မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

#အကယ်ဒမီ #မြန်မာ့ရုပ်ရှင်အကယ်ဒမီ #MyanmarAcademy #MMPO

#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

Leave a Reply

Your email address will not be published. Required fields are marked *