November 14, 2024

MT News
၁၁. ၁၁. ၂၀၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်ဟာ တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့သာမက လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ပါ ဆွေးနွေးခဲ့တာဖြစ်သလို ဒီခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်) အစည်းအဝေး၊ (၁၀)ကြိမ်မြောက် (အက်မက်စ်) အစည်းအဝေး ဧရာဝတီ – ကျောက်ဖရား – မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နောင်နှစ်မှာဆိုရင်(အက်မက်စ်)ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံစုံ(အက်မက်စ်) နိုင်ငံတွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံကို သွားတဲ့အခါမှာလည်း တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့တယ်။ နောက်ပြီး ချုံချင့်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ အပိုင်းခွဲပြီး ပြောရမယ်ဆိုရင် နိုင်ငံရေးအရ တရုတ်နိုင်ငံအနေနဲ့ ယခင်ကလိုပဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးပါတယ်။ ဒါတွေကို ထပ်မံထပ်လောင်း အသိအမှတ်ပြုတယ်။ တရုတ်နိုင်ငံရဲ့ နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့နယ်မြေကို အခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို လက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ထပ်မံပြီးတော့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နိုင်ခဲ့သလို တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေအပြင် ပညာတော်သင်အများအပြားခေါ်ယူဖို့လည်း ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့တယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။ အောင်မြင်မှုရခဲ့တယ်။ မြန်မာနိုင်ငံကို လာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်။လူမှုရေးပိုင်းနဲ့ပတ်သက်ပြီး ပညာရေးကဏ္ဍဖြစ်တယ်။ ပညာရေးကဏ္ဍမှာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြည်နယ်အဆင့်မှာရော၊ ဗဟိုအစိုးရအဆင့်မှာပါ ကျွန်တော်တို့ ပညာတော်သင်အဖွဲ့တွေ ပိုပြီးတော့ခေါ်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံလူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးကို ဆက်လက်ပြီး ကူညီဆောင်ရွက်ပါမယ်။ ခရီးစဉ်ရဲ့အနှစ်ချုပ်ကို ပြောရမယ်ဆိုရင်ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်လောင်းပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *