November 13, 2024

၁၀.၁၁.၂၀၂၄
Written By Thandar

လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားလေ့လာခဲ့တဲ့ Gita Life Programs ဘဂဝဒ်ဂီသာကျမ်း သင်တန်းဆင်းပွဲ Certificate ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ရက်က ရန်ကုန်မြို့ အလုံလမ်းရှိ Summit Parkview Hotel မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ဂီသာကျမ်းကို ဟိုအရင်ဆရာတော်ကြီးစတင်လုပ်ဆောင်ခဲ့တာပါ။ ဆရာတော်ကြီးပေးခဲ့တဲ့ အမွေကို ကျွန်တော်တို့က လက်ဆင့်ကမ်းပေးတာပါ။ နိုင်ငံတကာမှာလည်း ဂီသာကျမ်းကို လေ့လာသင်ယူနေကြတာရှိပါတယ်။ ခုလည်း ကိုယ့်ကိုယ်တိုင် ကြည့်ပြီး ရှုမြင်လေ့လာတတ်ဖို့ နည်းလမ်းတွေ မိမိကိုယ်မိမိ ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ် တွေရရှိလာဖို့ ဆရာတော်ကြီးက မြန်မာလိုဘာသာပြန်ပြီး ရေးသားပြုစုခဲ့တာပါ။ ဘယ်လူမျိုး ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုးကွယ်တာတွေ ယုံကြည်တာတွေက အများကြီးရှိနိုင်ပါတယ်။ သို့သော် လည်း ဒီစာကျမ်းတွေ လူမျိုးဘာသာနဲ့ မခြားတဲ့ကျမ်းတွေကို ကိုယ်တိုင်သိပြီး ဘုရားရှင်ရဲ့တရားတွေရရှိနိုင်ဖို့ သင်ကြားပေးတာပါ။ ဒီနည်းလမ်းတွေကို မျှဝေချင်လို့ သင်တန်း အခမဲ့ဖွင့်လှစ်ခဲ့တာပါ။ သင်တန်းမှာ လေ့လာသင်ယူသူတွေက ပြန်လည်စာတန်းပြုစုပြီး တင်ပြချက်တွေအပေါ်မှာ ဒီသင်တန်းက Certificate ပေးအပ်ခဲ့တာပါ” လို့ Gita Life Programs ရဲ့ ဆရာ ဒေါက်တာနေအောင် က MT Entertainment ပြောပါတယ်။

အဆိုပါ ဘဂဝဒ်ဂီသာကျမ်းထဲမှာ ပါဝင်တဲ့ အကြောင်း အရာတွေကို အလွယ်တကူ သိရှိနားလည်နိုင်မယ့် သင် တန်းသားတွေကို အပတ်စဉ် တနင်္ဂနွေနေ့တွေဖြစ်တဲ့ အောက်တိုဘာ ၂၀ ရက်နဲ့ ၂၇ ရက်၊ နိုဝင်ဘာ ၃ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ စုစုပေါင်း ၄ ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့တာလည်း ဖြစ်ပါတယ်။

ဒီသင်တန်းမှာ သင်တန်းသားဦးရေကန့်သတ်ထားတာမရှိပေမယ့် စာရင်းသွင်းတက်ရောက်ရမှာလည်းဖြစ်ပြီး ကြို တင်စာရင်းပေးသွင်းသူတွေထဲမှ ပထမဦးဆုံး Confirmation ယူနိုင်သူတွေကို အခမဲ့သင်ကြား‌ပေးအပ်ခဲ့ပါတယ်။ လာမယ့် နှစ်ဆန်းပိုင်းမှာလည်း သင်တန်းတွေကို သင်ကြားပို့ချမှုတွေ ထပ်မံလုပ်ဆောင်မယ့် Online ကနေသင်ကြားဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို ခုလို သင်ကြားပေးတဲ့တချို့က သူတို့မြို့နယ်တွေ လာရောက်သင်ကြားပေးဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့က ရန်ကုန်နဲ့ မန္တလေးပဲ သင်ကြားပေးဖြစ်တာများပါတယ်။ ခုနောက်ပိုင်း တောင်းဆိုချက်တွေကြောင့် Online သင်ကြားပို့ချဖို့ လာမယ့်နှစ်မှာ စီစဉ်ဖို့ ရှိပါတယ်။ ဒါပေမယ့် သင်တန်းကို လူကိုယ်တိုင်လာတက်တာကတော့ ပိုပြီးထိရောက်တယ်လို့ မြင်မိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *