၁၀.၁၁.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပမည့် တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို ယခင်ကျင်းပမည့်ရက်မှ ရာသီဥတုအခြေအနေအရ နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၇ရက်နေ့အထိ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံပျံပညာရှင်များအသင်းထံမှ သိရသည်။
တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ယခင်က နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပရန် စီစဥ်ခဲ့သော်လည်း လက်ရှိ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတု အခြေအနေပေါ်မူတည်၍ ရက်ပြောင်းလဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
မီးပုံပျံပွဲတော်တွင် ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး စုစုပေါင်း မီးပုံးပျံ ၂၅၈ လုံးကို လွှတ်တင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မီးပုံပျံပွဲတော်တွင် စျေးဆိုင်ခန်းများ၊ ပျံကျစျေးဆိုင်ခန်းများ၊ ချားရဟတ်နှင့် ကလေးကစားကွင်းများလည်း ပါဝင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်မီးပုံပျံပွဲတော်ကို ၂၀၂၃ ခုနှစ်မှ စတင်ကာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများက ပါဝင်ဆင်နွဲကြကြောင်း သိရသည်။ (Photo – Credit)