၅. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်လမ်းကြောင်း သုံးခုအား ဇန်နဝါရီ ၈ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာထားသည်။
တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေး စသည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်သည့်ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများသည် ကုန်ပစ္စည်းစခန်းလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှ ည ၉နာရီခွဲ ဖြစ်သည်။ ထုတ်ပြန်ကြေညာချက်တွင် (ပေကျင်းစံတော်ချိန် ၈:၀၀-၂၃:၀၀) အထိဖြစ်သည်။
ထို့အတူ အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါသော ယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှ ည ၁၀ နာရီ ဖြစ်သည်။ ထုတ်ပြန်ကြေညာချက်တွင် (ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀ အထိဖြစ်သည်။)
အခြားလူပုဂ္ဂိုလ်နှင့် အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ်ဆိုင်ကယ်များကမူ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှ ည ၁၀ နာရီ ဖြစ်သည် ( ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀) အထိဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံ ရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက်လူပုဂ္ဂိုလ်သွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ဧပြီက ကိုဗစ်ကပ်ရောဂါကြောင့် အဆိုပါဂိတ်အားလုံးကို တရုတ်က ရုတ်ချည်းပိတ်ခဲ့ရာ မြန်မာဘက်မှလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှုများစွာကြုံခဲ့ရသလို အလုပ်လက်မဲ့များစွာလည်း ပေါ်ပေါက်ခဲ့သည်။ ထို့အတွက် မြန်မာအစိုးရတာဝန်ရှိသူများကမူ ထိုနယ်စပ်ဂိတ်များကို တရုတ်ကပိတ်ချင်တိုင်းမပိတ်ဘဲ အချိန်တစ်ခုကြိုတင်ပြင်ဆင်ပြီးမှ ပိတ်ရန်လည်း ညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေသည်။