၁၀.၁၁.၂၀၂၄
Written By Thandar
ယနေ့ တန်ဆောင်မုန်းလဆန်း ၁၀ ရက် နံနက် ၁၀ နာရီက အနန္တော အနန္တငါးပါး ဦးထိပ်ထားလျက် ကွယ်လွန်သွားကြတဲ့ (DMG) ညီအစ်ကိုမောင်နှမကို ရည်စူးပြီး Driving Myanmar Group (DMG) မိသားစုဝင်တွေက အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအမှူးထားပြီးတော့ န၀မအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက် ကပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ကတော့ အလိုတော်ဆရာတော်ဘုရားကြီးကို ဦးထိပ်ထားပြီးတော့ Driving Myanmar Group (DMG) မိသားစုဝင်တွေက ကွယ်လွန်သူတွေ ညီအစ်ကိုမောင်နှမကို ရည်စူးပြီး တရားနာယူခဲ့ကြပါတယ်။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ ခုနှစ်ရက်သားသမီးတွေကလည်း နေ့ဆွမ်းအတွက်ရော ၊ မုန့်၊ အချိုရည်၊ ပိုက်ဆံ စတာတွေ ပါဝင်လှူဒါန်းခဲ့ကြပါတယ်”လို့ အလိုတော်ပြည့်ဆရာတော်ဘုရားရဲ့တပည့် ဆရာတော်အရှင်ကုမာရက မိန့်ပါတယ်။
ဒီအခမ်းအနားကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ နိုင်လူ၊ မမဆောင်း၊ အေမီဈာန်၊ မေကိုခန့်၊ ကေသီနွယ်၊ သက်မှူးခင် စတဲ့သူတွေတက်ရောက်ခဲ့ပြီး ပါဝင်လှူဒါန်းခဲ့သလို တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
အဆိုပါပွဲကိုတော့ “နမော တဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခြင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး DMG Group က ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာ၊ စန္ဒာသူရိယအလိုတော်ပြည့်ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပညာဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီခံယူဆောက်တည်ခဲ့ကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာကြားပြီး ရေစက်သွန်ချ အမျှပေးဝေခဲ့ပါတယ်။
အဲ့ဒိနောက် အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအမှူးရှိတဲ့ ကျောင်းတိုက်ရှိ စာချစာသင်သံဃာတော် ၁၅၀ ပါးတို့ကို အရုဏ်၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဒါတဗ္ဗ၀တ္ထုအစုစုတို့ကို လောင်းလှူပူဇော်ခြင်း ၊ အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ကြပါတယ်။