၉.၁၁.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(ဃ) ရပ်ကွက်၊ ဝေပုလ္လ(၆) လမ်းရှိ သွပ်မိုး၊ ပျဥ်ခင်း၊ ပျဥ်ကာ နှစ်ထပ်နေအိမ်တွင် နိုဝင်ဘာ ၉ရက် ညနေ ၅ နာရီခွဲခန့်က Air Con Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ ပျဥ်ကာ ပျဥ်ခင်း နှစ်ထပ်နေအိမ်၏ မြေညီထပ်ရှိ အိပ်ခန်းတွင် Air Con Safe Guard အပူလွန်ကဲရာမှ အောက်ရှိ မွေ့ယာပေါ်သို့ မီးပွားကျ၍ မီးလောင်မှု စတင်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
နေအိမ်မီးလောင်မှုမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး နေအိမ်နှင့် Aircon ၊ မွေ့ယာနှင့် ကုတင်နှစ်လုံး၊ ဗီဒိုနှင့် အဝတ်အစားများ မီးကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုကို မီးငြိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၄ စီး၊သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၁ မိနစ်တွင် မီးငြိမ်းခဲ့သည်။ နေအိမ်မီးလောင်မှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။