November 13, 2024

၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့ တစ်ကျော့ပြန် ရွေးကောက်ခံသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့် က သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးပြောကြားချက်တွေအတိုင်း ပြည်ထောင်စုအစိုးရ အလုပ်သမားတွေ အများအပြားကို ရွှေ့ပြောင်းနေရာချထားဖို့ သန္နိဋ္ဌာန်ချခဲ့တယ်လို့ သိရပါတယ်။

ထရန့်ရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုကို ရင်ဆိုင်တွေ့ကြုံခဲ့ဖူးတဲ့ VOA သတင်းဌာနရဲ့ အမေရိကန်အခြေစိုက် မြန်မာပိုင်းဆိုင်ရာ ဌာနမှူးဟောင်းဖြစ်တဲ့ ဦးသန်းလွင်ထွန်းရဲ့ လူမှုကွန်ရက် ရေးသားချက်အရ VOA နဲ့ RFA လို သတင်းဌာနတွေဟာ ထရမ့်ပ်ရဲ့ ရွှေ့ပြောင်း ဖြတ်တောက်မှု ခံရဖွယ်လည်း ကြုံခဲ့ရတဲ့အပြင် VOA ဟာ ထရန့် ဘတ်ဂျက်ဖြတ်တောက်မယ့် သတင်းဌာနမျိုးလို့လည်း အထူးပြု ဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဒါက သမ္မတဟောင်းလည်းဖြစ်၊ သမ္မတအဖြစ်လည်း ထပ်မံတာဝန်ယူရအုံးမယ့် ဒေါ်နယ်ထရန့် အတွက်တော့ ရင်းနှီးကျွမ်းဝင်မှုရှိပြီးသား မဟာဗျူဟာတစ်ရပ်လို့လည်း ဆိုရမှာပါ။ သူ ပထမအကြိမ် သမ္မတ တာဝန်ယူခဲ့ရစဉ်ကလည်း ထရန့်အစိုးရက အေဂျင်စီတချို့နဲ့ သိသာလှတဲ့ ပြည်ထောင်စုအစိုးရအလုပ်သမား အင်အားတချို့ကို ဝါရှင်တန်ဒီစီ မြို့တော်ဧရိယာအပြင်ဘက်ကို ရွှေ့ပြောင်းနေရာချခဲ့ပါသေးတယ်။

ဒါပေမယ့် ပြည်ထောင်စုအလုပ်သမားတွေရဲ့ ကြီးမားတဲ့ အင်အားကို ချိန်ညှိပေးနိုင်ဖို့ မျှော်မှန်းပြီး ထရန့်အနေနဲ့ ပထမလေးနှစ်သက်တမ်းကာလကထက် ပိုများမယ့်အေဂျင်စီတွေနဲ့ ပြည်ထောင်စု အစိုးရ အလုပ်သမား အင်အားတွေကို မြို့တော်အပြင်ဘက်ကို ပြောင်းရွှေ့လာနိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးဝက်ဘ်ဆိုတ် ဗီဒီယိုတစ်ရပ်မှာလည်း ထရန့်က သူအစိုးရဖြစ်ခဲ့ရင် ဝါရှင်တန်ဒီစီ ဧရိယာအတွင်းအခြေစိုက်နေတဲ့ ပြည်ထောင်စုအစိုးရ အလုပ် သမားတွေကို သောင်းနဲ့ချီပြီးရွှေ့ပြောင်းနေရာချဖို့ အစီအစဉ်ရှိတယ်လို့ပြောခဲ့ပါသေးတယ်။

ထရန့်က ပြည်ထောင်စုအလုပ်သမားအင်အား ၁၀၀,၀၀၀ လောက်ထိ ရွှေ့ပစ်လိုက်မယ်ဆိုရင် ဝါရှင်တန် ကနေ အမေရိကန်ပြည်ထောင်စုကိုချစ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတွေကိုရောက်သွားစေနိုင်မှာပဲလို့ ပြောကြားခဲ့ပါတယ်။

သမ္မတအဖြစ် ပထမလေးနှစ်သက်တမ်းအတွင်းကဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ ဝါရှင်တန်ဒီစီ အခြေစိုက်မြေစီမံခန့်ခွဲရေးဗျူရိုဌာနချုပ်ကို ကော်လိုရာဒိုပြည်နယ် Grand Junction ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဒါက မြေစီမံခန့်ခွဲရေးဗျူရို ရဲ့ အလုပ်သမားတွေ ထောင်နဲ့ချီတဲ့အပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ မြေစီမံခန့်ခွဲရေးဗျူရို ပြောင်းရွှေ့နေရာချထားမှုမှာ အလုပ်သမား ၈၀ ရာခိုင်နှုန်းကျော်က မပြောင်းရွှေ့ခဲ့ကြဘူးလို့ ဆိုပါတယ်။

ထရန့်က အခု ဒုတိယသက်တမ်းတာဝန်ယူရရင်လည်း သူ့အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းတွေကို ဝါရှင်တန်အပြင်ဘက်နေရာအသစ်တွေမှာ ဆက်လက်ပြီး ပြောင်းရွှေ့ချထားသွားမယ်လို့ ပြောခဲ့ပါတယ်။

ပြည်ထောင်စု အလုပ်သမားတွေဟာ သိန်းနဲ့ချီပြီးတော့ ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယား ပြည်နယ်တို့မှာ အခြေစိုက်နေကြတာပါ။ဒါပေမယ့် စုစုပေါင်း ပြည်ထောင်စုအလုပ်သမားအင်အားရဲ့ ၈၅ ရာခိုင်နှုန်းကတော့ ဒေသအပြင်ဘက်မှာ အလုပ်လုပ်ကြတာပါ။

မြေစီမံခန့်ခွဲရေးဗျူရိုဌာနချုပ် ကို ပြောင်းရွှေ့ခဲ့တဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက ထရန့်အစိုးရ လက်ထက်တုံးကလည်း ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းက အဖွဲ့အစည်းတွေရဲ့ အဆင့်မြင့် အမှုဆောင် အများအပြားကိုတောင် ရွှေ့ပြောင်းနေရာချမှုနဲ့ပြန်လည်ခန့်ထားမှုတွေ လုပ်ခဲ့တာပါ။

ဂျိုးဘိုင်ဒန်အစိုးရလက်ထက်မှာတော့ ပြည်ထဲရေးဝန်ကြီး ဒက်ဘ် ဟာလန်း က မြေစီမံခန့်ခွဲရေးဗျူရို ရဲ့ အဓိကဌာနချုပ်ကို ဝါရှင်တန်ဒီစီသို့ ပြန်ရွှေ့ခဲ့ပြန်ပါတယ်။ ဒါပေမယ့် Grand Junction အဆောက်အအုံကိုလည်း အနောက်ပိုင်းဌာနချုပ်အဖြစ် ဆက်လက်ထားရှိခဲ့ပါတယ်။

ထရန့်အစိုးရက ၂၀၁၉ ခုနစ်မှာတော့ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စီးပွားရေးသုတေသနလုပ်ငန်းနဲ့ စားနပ် ရိက္ခာနဲ့စိုက်ပျိုးရေးဆိုင်ရာ အမျိုးသားအဖွဲ့အစည်းတို့ကို နေရာပြောင်းရွှေ့ခဲ့ပါသေးတယ်။ ဒါက စိုက်ပျိုးရေးဝန်ကြီးဌာနက အလုပ်သမားတွေအပေါ်ရာနဲ့ ချီလို့ သက်ရောက်မှုရှိခဲ့ပြန်ပါတယ်။

ထရန့်အစိုးရက ကုန်ကျစရိတ်ချွေတာရေးဆောင်ရွက်ချက်အဖြစ် ဝန်ထမ်းတွေနဲ့ အရင်းအမြစ်တွေကို စားသုံးသူတွေနဲ့ နီးရာသို့ ပြောင်းရွှေ့ပေးတာလို့သတ်မှတ်ပြီး ခုလိုဆောင်ရွက်ခဲ့တာမှာ အမေရိကန်အစိုးရရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောင်းရွှေ့ခံရတဲ့ အလုပ်သမား ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းက သူတို့အလုပ်ဌာနတွေကို စွန့်ခွာအလုပ်ထွက်ခဲ့ကြပါတယ်။

သဘာဝဘေးဒဏ်ကာကွယ်ရေး အေဂျင်စီ PEER အုပ်စုမှ အမှုဆောင်ဒါရိုက်တာ Tim Whitehouse က အေဂျင်စီတွေအနေနဲ့ အဆင့်မြင့်အမှုဆောင်အလုပ်အဖွဲ့ဝင်တွေကို ပြောင်းရွှေ့နေရာချဖို့က ပြည်ထောင်စုအစိုးရလုပ်ငန်းတွေက အောက်ခြေအလုပ်သမားထုနဲ့ နှိုင်းစာရင် ပိုပြီးလွတ်လပ်မှုရှိတာပေါ့လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်အေဂျင်စီတွေဟာလည်း အမှုဆောင်တွေကို ပြန်လည်ခန့်ထားရာမှာ သူတို့ရဲ့ ပို့ဆောင် သွားလာရေး လမ်းကြောင်းပြင်ပကို ပြောင်းရွှေ့ခံရမယ်ဆိုရင် ပြန်လည်ခန့်ထားမှုမပြုမီ အမှုဆောင်တွေကို ရက် ၆၀ ကြိုတင်အသိပေးရမှာဖြစ်ပါတယ်။ အေဂျင်စီတွေဟာ ခေါင်းဆောင်အသစ်တစ်ယောက်ရဲ့ ရာထူး သက်တမ်း ပထမရက် ၁၂၀ မပြည့်ခင် အတွင်း SES အမှုဆောင် အဖွဲ့ဝင်တွေကို ရွှေ့ပြောင်းလို့မရပါဘူး။

အမေရိကန်ပြည်ထောင်စုအစိုးရတွေဟာ နှစ်စဉ် အလုပ်သမား ၂၉၀၀၀ ပြောင်းရွှေ့နေရာချထားမှုတွေပြုပြီး အဲဒါက ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ကုန်ကျတယ်လို့ စာရင်းဇယားတွေက ဆိုပါတယ်။ အမေရိကန် စစ်ဖက်ကလည်း သူ့ရဲ့ စစ်မှုထမ်းတွေနဲ့ မိသားစုတွေကိုဒီလိုပဲ အလှည့်ကျ ပြောင်းရွှေ့မှုတွေလုပ်တာပါ။

သမ္မတအပြောင်းအလွဲတွေမှာ လေ့လာထားသူတစ်ဦးဖြစ်တဲ့ John Jay ကောလိပ်က တွဲဖက်ပါ‌မောက္ခ ဟိသ်ဘရောင်းကတော့ ထရန့်အစိုးရရဲ့ မူဝါဒအစီအစဉ်အရ တခြားအစီအစဉ်တွေကို အေဂျင်စီတွေ နေရာပြောင်းရွှေ့ဖို့နဲ့ အစိုးရဌာနရုံးတွေပိတ်တာကို ဆောင်ရွက်ဖို့ထက် ဦးစားပေးနိုင်တယ်၊ အထူးသဖြင့် ကွန်ဂရက်ကဆန့်ကျင်နေတာတွေထက် ပိုဦးစားပေးမှာပေါ့လို့ ပြောခဲ့ပါ တယ်။

အခုအခါမှာတော့ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အိမ်ဖြူတော်ကို ရယူနိုင်ခဲ့တဲ့အပြင် အထက်လွှတ်တော်ကိုပါ အမတ်အများစုနဲ့ ထိန်းချုပ်ထားနိုင်ပါပြီ။ အောက်လွှတ်တော်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ မယ့် ရီပတ်ဘလစ်ကန်ပါတီက ပဲ ဆက်လက်ဦးဆောင်သွားမယ် မျှော်လင့်ရပါတယ်။

Ref- Federal News Network

Leave a Reply

Your email address will not be published. Required fields are marked *