၉. ၁၁. ၂၀၂၄
Written by Nyein Kyaw
ဒေါ်လာဈေး တည်ငြိမ်နေမှု၊ ကားဈေးနှုန်းပြန်ကျနေချိန် မြန်မာငွေကြေးအချို့ ဖျက်သိမ်းမည်နှင့် ကျပ် ၂၀,၀၀၀ တန် ထုတ်ဝေမည်ဆိုသည့် ကောလာဟလများ ထပ်မံထုတ်လွှင့်လာ၍ အဆိုပါသတင်းမှာ မမှန်ကန်ကြောင်းနှင့် ပြည်သူများ မယုံ ကြည်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့တွင် အသိပေးဖြေကြားထားသည်။
ဗဟိုဘဏ်၏ ဖြေကြားချက်မှာ “နိုင်ငံတော်တွင် ငွေရေးကြေးညရေးကဏ္ဍ တည်ငြိမ်နေမှုအား မလိုလားသူများက တည် ငြိမ်မှုပျက်ပြား၍ နိုင်ငံ့စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်၍ လှုံ့ဆော်နေမှုအား ပြည်သူများ နားမယောင်၊ မယုံကြည်ကြပါရန်” မီဒီယာများသို့ ဖြေကြားထားသည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာနှင့် ဂရုများတွင် မြန်မာငွေကြေးအချို့ ဖျက်သိမ်းနိုင်ပြီး အသစ်များ အစားထိုးနိုင်ကြောင်း၊ ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဖြစ်ကြောင်းကို ဗဟိုဘဏ်မှ သိရှိရကြောင်း စသည့် ကောလာဟလများကို ထုတ်လွှင့်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လပိုင်းတွင်လည်း လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များမှတစ်ဆင့် ကျပ် ၂၀,၀၀၀ တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ထွက်လွှင့်ပြီး မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ် ခဲ့ပြီး ဗဟိုဘဏ်မှ ပြန်လည်ဖြေရှင်းပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း တစ်ဒေါ်လာ ကျပ် ၁၀,၀၀၀ နှင့် ရွှေတစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်ခဲ့ချိန် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့သဖြင့် ဒေါ်လာဈေးနှုန်း ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေခြင်းဖြစ်သလို ပြည်တွင်း မော်တော်ကား အမျိုးအစားတချို့ ဈေးနှုန်းကျဆင်းခဲ့သည်။
ယင်းကဲ့သို့ ငွေကြေးတည်ငြိမ်ခြင်း၊ မော်တော်ကားဈေးနှုန်းများ ပြန်ကျဆင်းနေချိန် ငွေကြေးအချို့ပြန်သိမ်းကြောင်းနှင့် ကျပ် ၂၀,၀၀၀ တန် ကောလာဟလာများကို ထပ်မံထုတ်လွှင့်ကာ ယခင်ပုံစံအဟောင်းအတိုင်း ဈေးနှုန်းဆွဲနေခြင်းကြောင့် ပြည်သူများ ကောလာဟလများကို မယုံကြည်ရန် သတိပေးပြောကြားလာခဲ့ခြင်းဖြစ်သည်။